စွပ်စွဲချက်များကို သုံးသပ်အဖြေရှာခြင်း။

စစ်အာဏာရှင်တို့သည် တိုင်းရင်းသား လူနည်းစု စာပေ၊ သမိုင်းပညာရှင်များကို နည်းအမျိုးမျိုးဖြင့် လုပ်ကြံ သတ်ဖြတ် ထောင်သွင်း အကျဉ်းချခဲ့ကြသည်မှာ ကြိမ်ဖန်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ 

ရခိုင် သုတေသီ ပညာရှင်များအား စစ်အာဏာရှင်တို့ လုပ်ကြံမှုမှာ မြန်မာ စာပေပညာရှင်၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင် အား ၁၉၆၆ ခုတွင် လုပ်ကြံ သတ်ဖြတ်ခြင်း မှ စတင်သည်ဟု ဆိုနိုင်သည်။ ဆရာကြီး ဦးကျော်ရင်သည် ရခိုင်ပြည်နယ် သံတွဲ ဇာတိဖြစ်ပြီး၊ မြန်မာစာ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်စာပေ ထွန်းကား ပြန့်ပွားရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။ သူ့အား ဗိုလ်နေ၀င်းက ဘာမဟုတ်သည့် ဖြစ်ရပ်တစ်ခု အတွက် သတ်ဖြတ်ခဲ့လေသည်။ ၁၉၆၆ ခုနှစ် ရန်ကုန်မြို့ ပညာရေးနှီးနှော ဖလှယ်ပွဲ၏ ညစာ စားပွဲ တွင် အက ဖျော်ဖြေမှု တင်ဆက်နေချိန်တွင် ဖြစ်ပါသည်။ ရှေ့ဆုံးတန်းမှ ဗိုလ်နေ၀င်းနှင့် သူ့ဇနီး ဒေါ်နီနီမြင့်တို့ ရှေ့ဆုံးတန်းတွင် ထိုင်စဉ်၊ သူတို့ နောက်မှ ဦးကျော်ရင်က အမှတ်မထင် တံတွေး ထွေးမိခဲ့သည်။ ထိုတံထွေး ဒေါ်နီနီမြင့် ကို စဉ် မိရာမှ ဗိုလ်နေ၀င်းက စတင်ထိုးကြိတ်ပြီး၊ သူ့တပည့်များက “အဘ မလုပ်နဲ့ ကျွန်တော်တို့ ကြည့်လုပ်လိုက်မယ်” ဟု ဆိုကာ လူမဆန်အောင် နှိပ်စက် ညှင်းပန်းလိုက်သဖြင့် သေဆုံး သွားခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သတင်းစာများတွင် အသဲရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများဖြင့် ကွယ်လွန်ကြောင်း ဖော်ပြခဲ့ကြသည်။ 

လုပ်ကြံမှုကြောင့် ဒုတိယ မြောက် သေဆုံးရသူမှာ သုတေသီ ပါမောက္ခ ဦးစံသာအောင် ဖြစ်ပါသည်။ ဦးစံသာအောင်သည် ရူပဗေဒ ပါမောက္ခ ဖြစ်သော်လည်း ရခိုင်သမိုင်းဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့သည်။ ထင်ရှားသည့် စာအုပ်များမှာ ရခိုင်ပြည်သုံး အက္ခရာ၊ အာနန္ဒစန္ဒြ ဝေသာလီမင်း၊ ရခိုင်ဒင်္ဂါးများ၊ ရခိုင် ဗုဒ္ဓအနုပညာ စသည့် စာအုပ်များဖြစ်သည်။ ရခိုင်ပြည်သုံး အက္ခရာ စာအုပ်တွင်၊ မြန်မာစာသည် ဝေသာလီခေတ် ရခိုင်အက္ခရာများမှ ဆင်းသက်နိုင်ကြောင်း၊ အထောက်အထား စုံလင်စွာ တင်ပြခဲ့သည်။ ထိုဖြစ်ရပ် အတွက် စစ်အာဏာရှင်တို့၏ ရန်ငြိုးထားခြင်း ခံရကာ၊ နာမကျန်း၍ ဆေးရုံတက်နေစဉ် ၁၉၈၁၊ မေ ၂၅ ရက် တွင် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဆရာကြီး ဦးစံသာအောင် ကွယ်လွန်ခြင်းကိုလည်း အဖျားရောဂါ ဟု နာမည်တပ်ခဲ့ကြသည်။ 

ထို့နောက် လုပ်ကြံ သတ်ဖြတ် ခံရသူမှာ ရခိုင်သမိုင်း ပညာရှင် ပဏ္ဍိတ် ဦးဦးသာထွန်း ဖြစ်ပါသည်။ ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်ရာဇ၀င် ကျမ်းများ၊ သမိုင်း စာအုပ်များသာမက၊ ရခိုင်ကျောက်စာ ပေါင်းချုပ်၊ ရခိုင်ကျောက်ဆစ်လက်ရာများ လေ့လာချက်၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက် တီးလုံးများ၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စသည့် စာပေများ၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ စသည့် တေးသီချင်းများကိုပါ ရေးသား ပြုစုခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှု သမိုင်းများကို ဖော်ထုတ်သဖြင့် စစ်ဝါဒီတို့သည် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့ရာမှ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ ထောင်ထဲတွင် နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။ သို့သော်လည်း နအဖ စစ်အာဏာရှင်များက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။ 

ထိုနည်းတူ ထင်ရှားသော ရခိုင်အမျိုးသား ပါမောက္ခ ဒေါက်တာ ဧကျော်နှင့် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ကိုလည်း အကြောင်းအမျိုးမျိုး လုပ်ကြံ ဖန်တီး စွပ်စွဲကာ ဖမ်းဆီး ထောင်ချခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်းများကို ခဲ့ကြပါသည်။ 

အထက်ပါ ဖြစ်ရပ် သာဓက များကို ကြည့်ခြင်းဖြင့် နအဖ စစ်ဝါဒီတို့သည် သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သော စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း သုတေသီများကို အငြိုး အာဃာတဖြင့် လုပ်ကြံ၊ သတ်ဖြတ်၊ ထောင်သွင်း အကျဉ်းချလေ့ ရှိကြောင်း သိနိုင်လောက်ပြီ ဖြစ်ပါသည်။ 

ထို့ကြောင့် ရခိုင်သမိုင်း သုတေတီ ရမ္မာဝတီ အသျှင်ပညာစာရအား စစ်ဝါဒီတို့ ယခု ကဲ့သို့ အကြောင်း အမျိုးမျိုးစွပ်စွဲ ၀ါဒဖြန့်ခြင်းမှာ ဆန်းတော့ မဆန်းကြယ်လှပါ။ 

သူတို့သည် အသျှင် ပညာစာရကို မာတုဂါမ ကိစ္စဖြင့် စွပ်စွဲကာ၊ ဖမ်းဆီး လူ ၀တ်လဲ ခဲ့သည်။ အကယ်၍ ဆရာတော် ပညာစာရသည် မာတုဂါမ ကိစ္စကို ကျူးလွန်သောကြောင့်သာ ဖမ်းဆီးရခြင်း ဖြစ်သည် ဆိုလျှင်၊ နအဖ၏ ရခိုင်ပြည်နယ် ဒုတိယ တိုင်းမှူးကိုယ်တိုင် လာရောက် ဖမ်းဆီးစရာ အကြောင်း မရှိပေ။ ထို့ပြင် ဆရာတော် အနှစ်နှစ်အလလ စုဆောင်းထားသော ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း၊ ဓားပြတိုက် လုယူ သွားစရာ အကြောင်း မရှိပေ။ ဘုန်းကြီးကျောင်းကိုပါ ချိတ်ပိတ်ပြီး မိဘမဲ့ ကလေးများကို ရပ်ဝေးမြေခြားသို့ ပို့စရာလည်း အကြောင်း မရှိပါ။ ဤ ဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် ဆရာတော်အား ဖမ်းဆီးမှုမှာ နအဖ၏ တမင် အကွက်ချ စီစဉ်မှု ဖြစ်သည်ဟု သေချာပေါက် ပြောနိုင်ပါတော့သည်။ 

နအဖနှင့် သူ၏ အလိုတော်ရိများသည် ၄င်းတို့၏ လုပ်ကြံ ဖန်တီးမှုကို ကာကွယ်ရန် အလို့ငှာ ၀ါဒဖြန့်ပွဲကို ပင် လုပ်လိုက်သေးသည်။ ဆရာတော် ကျောင်းတိုက်တွင်းမှ ကွန်ဒုံးများ၊ ညစ်ညမ်း စီဒီများ ရရှိသည်ဟု ဆလိုက်ရှိုးဖြင့် ပြသကြသည်။ တိုင်ကြားသူ အလိုတော်ရိတို့၏ စာထဲတွင် ဆရာတော်သည် ညစ်ညမ်း ဗီဒီယိုများကို ကြည့်ရှုကြောင်း ဖြင့်ပင် ဖော်ပြပါရှိသည်။ သူတို့ ဘာပဲ ပြောပြော ထိုတွေ့ရှိသည် ဆိုသော အရာများကို သူတို့ ကိုယ်တိုင် ယူဆောင်ခဲ့ကြပြီး၊ ဓာတ်ပုံမှတ်တမ်း အတုများ ပြုလုပ်နိုင်သည်ကို အသိဥာဏ် ရှိသူတိုင်း နားလည် သဘောပေါက် ကြပါသည်။ စစ်တွေမြို့တွင် နေ့ခင်းချိန် မီးမလာသလို၊ မီးလာသော ညဘက် ၂ နာရီ ၃ နာရီ အချိန်များတွင် ဆရာတော်သည် ကလေးငယ်များကို သူ၏ ဘုန်းကြီးကျောင်း ဧည့်ခန်းအတွင်း ထားရှိသော တီဗီဖြင့် တီဗီပြလေ့ရှိသည်။ (ဘုန်းကြီးကျောင်းတွင် တီဗီနှစ်လုံး ရှိကြောင်း၊ အကြီးတစ်လုံး အသေးတစ်လုံး ဖြစ်ကြောင်း၊ အနီရောင် တီဗီ အသေးမှာ ပျက်နေပြီး ကြည့်မရကြောင်း ဆရာတော်နှင့် နီးစပ်သူများ ထံမှလည်း သိရသည်၊ အင်ဗာတာရှိကြောင်းကိုမူ သတိမထားမိပါဟုလည်း မျက်မြင်သက်သေများက ပြောဆိုသည်၊ ဘုန်းကြီးကျောင်းဝင်းထဲရှိ မီးစက်မှာလည်း တည်ဆောက်ရေး လုပ်ငန်းအတွက် သစ်ခွဲရာမှာသုံးကြောင်း၊ အခြားကိစ္စအတွက် သုံးတာ မတွေ့ရကြောင်း ထွက်ဆိုကြသည်။)။ ကလေးများကို တီဗီ ပြပြီးသည်နှင့် စစ်တွေမြို့တွင် လျှပ်စစ်မီး မရှိတော့ပါ။ မီးမရှိသော ညအချိန်တွင် ဆရာတော် အနေဖြင့် ထို မီးစက်ကို သုံးသည်ပဲ ထားအုံး၊ မီးစက်သံ တဂျုံးဂျုံးဖြင့် ညစ်ညမ်းခွေ ခိုးကြည့်သည် ဆိုခြင်းမှာ အလိုတော်ရိများ၏ ဖန်တီး လုပ်ကြံသော ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ပါလိမ့်မည်။ နေ့လည်တွင် လုံးဝ မီးမလာသလို၊ ဧည့်သည်များ လာရောက်လေ့ရှိ သဖြင့် နေ့ခင်းတွင်လည်း ခိုးကြည့်ရန် လုံးဝ မဖြစ်နိုင်ပါ။ ဒီတော့ သူတို့ ပြောသော ညစ်ညမ်း ခွေများ ဆိုသည်မှာ နအဖက တမင်ယူဆောင်လာသော သူတို့ ဖန်တီးသည့် သက်သေခံ အတုများ ဖြစ်ရန်မှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။ 

နအဖနှင့် သူ၏ အလိုတော်ရိ စားဖားများ သည် လုပ်ကြံ ၀ါဒ ဖြန့်ရုံမျှမက၊ သူတို့၏ လုပ်ကြံ လိမ်လည်ချက်များကို ပိပိရိရိ ဖုံးကွယ် နိုင်ရန် အလို့ငှာ သက်သေများကို ပင် ဖျောက်ဖျက် ပစ်လိုက်သေးသည်။ ဆရာတော်၏ သက်သေများကား ကလေးသူငယ်များ။ ဆရာတော် ဘာလုပ်သည်ကို ကလေးငယ်များ (အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ အပါအ၀င်) က မှန်ကန်စွာ သိပါသည်။ ထိုကလေးများကို ရပ်ဝေးမြေခြား ပို့လိုက်ခြင်းဖြင့် နအဖသည် ဆရာတော်ဖက်မှ ရပ်တည်မည့် သက်သေများကို ဖျောက်ဖျက်လိုက်ကာ၊ သူတို့၏ လိမ်ညာသော စွပ်စွဲချက်များ အတည် ဖြစ်အောင် စနစ် တကျ အကွက်ဆင် ဖန်တီးလိုက် ခြင်းပင် ဖြစ်သည်။ ကလေးများကို စစ်တွေမြို့မှ အခြားတစ်နေရာသို့ ပို့ဆောင်ပြီး၊ သက်သေ ဖျောက်ဖျက်ခြင်းကပင် သူတို့ လုပ်ရပ်သည် လုပ်ကြံမှု တစ်ခု သက်သက်သာ ဖြစ်သည်ဆိုသည်ကို သုံးသပ်၍ ရနိုင်ပါသည်။ အကယ်၍ သူတို့၏ စွပ်စွဲချက်များသာ လိမ်လည် လှည့်ဖျားမှု မဟုတ်ခဲ့ပါမူ သက်သေများ ဖြစ်လာမည့် ကလေးများကို အစဖျောက်စရာ အကြောင်း လုံးဝ မရှိပါချေ။ 

တိုင်ကြားသူတို့၏ လက်ရေးမူတွင် တွေ့မြင်ရသော ဆရာတော်သည် စားကောင်းသောက်ဖွယ် အဆီအဦးများကို စားပြီး ကလေးငယ်များကို ပစ်ထားသည် ဆိုသည့် အချက်မှာမှာ လုံးဝ လိမ်ညာဖန်တီး တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သေချာပေါက် ပြောနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာတော်သည် နောက်ဆုံး NGO မာတေဇာခေတ် ရောက်သည့်တိုင် အနံ့အသက် ထွက်သော (လူတိုင်းစားဝင်နိုင်မည် မဟုတ်သော ဒေသအခေါ် ဘောက်သာဆန်၊ မဆလခေတ် သမ ဆန်ထက်ပင် အလွန့်အလွန်ညံ့သောဆန်)ကို နေ့စဉ် ဆွမ်းဖုန်းပေးကြောင်း၊ ဆရာတော် ကျောင်းတွင် တည်းခို စားသောက်ဖူးသော ရဟန်းတော်များနှင့်မျက်မြင် ကြုံတွေ့ဖူးသော လူပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်များ အရ သိရှိရသောကြောင့် ဖြစ်ပါသည်။ 

ဆရာတော်သည် အလှူငွေများကို သူ၏ ဆွေးမျိုးများကို ပေးကာ အလွဲသုံးစား ပြုလုပ်ကြောင်း စွပ်စွဲချက် တစ်ခုကိုလည်း တွေ့ရပါသည်။ ဆရာတော်သည် ငယ်စဉ်ကပင် မိဘမဲ့ ဖြစ်ပြီး၊ သူနှင့် ဘ၀တူ မိဘမဲ့ ကလေးများ အကျိုးကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။ ဆရာတော်၏ ဇာတိ ရွာနှင့် အနီးအနား ရွာများမှ ဘုန်းတော်ကြီးများ၏ ထွက်ဆိုချက်အရ ဆရာတော်၏ ဆွေးမျိုးသားချင်းများမှာ ယနေ့ထက်တိုင် သူတစ်ပါး၏ လယ်မြေများတွင် သူရင်းငှား အဖြစ် လုပ်ကိုင်နေရသော ဆင်းရဲသားများ ဖြစ်ကြောင်း၊ နေထိုင်သော အိမ်တွင် ၀ါးထရံပင် အနိုင်နိုင် ကာရံထားရကြောင်း သိရပေသည်။ ထို့ကြောင့် အဆိုပါ စွပ်စွဲချက်မှာ လုပ်ကြံသူ စားဖားတို့၏ စိတ်ကူးယဉ် ပုံပြင်များသာ ဖြစ်နေပါတော့သည်။ 

နအဖ အလိုတော်ရိ စားဖားများ၏ မဟုတ်မှန် စွပ်စွဲ ချက်များထဲမှ အထက်ပါ စွဲချက်သုံးလေးခုလောက်ကို ဆွဲထုတ်ကြည့်လျှင်ပင် ဆရာတော်ကို လုပ်ကြံ ဖန်တီး ကလိမ်စေ့ ငြမ်းဆင် တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သိသာ ထင်ရှားနေပါတော့သည်။ ထို့ကြောင့် ၄င်းတို့၏ အခြား စွပ်စွဲချက်များကိုလည်း ယုံနိုင်ဖွယ် မရှိတော့ပါ။ 

ဒါဆိုလျှင် အဘယ်ကြောင့် ဖမ်းသနည်း။ 

အဖြေက ရှင်းနေပြီးသား ဖြစ်သည်။ 

ဆရာတော်သည် ရခိုင်သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သူ ရခိုင်အမျိုးသား သမိုင်းသုတေသီ။ 

သမိုင်းဖြစ်ရပ်မှန်အထောက်အထား စာရွက်စာတမ်းများနှင့် သမိုင်းဆိုင်ရာ ရာဇ၀င်ကျမ်းဂန်များစွာကို စုဆောင်း ထားသူ၊ 

နိုင်ငံခြား သမိုင်းသုတေသီများအား ရခိုင်သမိုင်း မှန်များကို ကမ္ဘာသို့ တင်ပြနိုင်အောင် စွမ်းဆောင်နိုင်သူ၊ 

အမျိုးသားရေး လုပ်ငန်းများ၊ နိုင်ငံရေး လုပ်ငန်းများ၊ ရခိုင်ဒေသ အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေသူ ရခိုင်မျိုးချစ်ပုဂ္ဂိုလ် 

ဆရာတော်၏ ရာနှင့်ချီသော ကလေးငယ်များကို နောင်တစ်ချိန်တွင် နအဖ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး အတွက် အင်အားစု တစ်ရပ် ဖြစ်လာအောင် ဖန်တီးနိုင်သူ။ (ဆရာတော်၏ တပည့်အချို့ အိန္ဒိယ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော အခြေအနေထိပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ထောက်လှမ်းရေးတို့ သတင်းရထားပြီး ဖြစ်ပါသည်။) 

ဒီတော့ စစ်အာဏာရှင်များ အနေဖြင့် ဆရာတော်အား နောင် ရခိုင်စာပေ သမိုင်း လောက၊ နှင့် ရဟန်းဘောင်မှ ရာသက်ပန်ထွက်ခွါ၊ လူတော မတိုးစေခြင်း လုပ်ရပ်ကို ဖန်တီးရုံမှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။ ဤ နည်းကို ဖန်တီးခြင်းဖြင့် ဆရာတော်၏ အမျိုးသားရေး လုပ်ဆောင်ချက်များကို ထ၀ရ ချုပ်ငြိမ်းအောင် စနစ်တကျ အကွက်ချ ကိုင်တွယ် လိုက်တာပဲ ဖြစ်ပါတော့သည်။ 

အနောက်ပိုင်းတိုင်း ဒု-တိုင်းမှူးကိုယ်တိုင် လာရောက်ဖမ်းဆီးခြင်း၊ စစ်တွေ မြို့တော်ခန်းမတွင် ဖမ်းဆီးရခြင်း အကြောင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းကပင် ၄င်းတို့အနေဖြင့် ဆရာတော်ကို ရန်သူ နံပါတ် ၁ ဟု သတ်မှတ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားနေသည်။

ယခု နောက်ဆုံး ထွက်ပေါ်လာသည့် နအဖ ကိုယ်တိုင် တရားလိုလုပ်ကာ တရားစွဲသော နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်သည့် ပုဒ်မ (၅၀၅-ခ) ကို ကြည့်လျှင်ပင်၊ ဆရာတော်ကို နအဖ စစ်ဝါဒီများက အဘယ်ကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပေါ်လွင် သိသာ နေပြီ ဖြစ်ပေသည်။ 

ယခုအခါ ပြည်တွင်း၊ ပြည်ပ ရခိုင် နိုင်ငံရေး လူမှုရေး အဖွဲ့ အစည်း အသီးသီးမှ ဆရာတော်အား ဖမ်းဆီးခြင်းကို ဆန့်ကျင်ကြောင်း ကြေညာချက်များ တဖွဲဖွဲ ထုတ်ပြန် တောင်းဆိုလာကြသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထိုအထဲတွင နိုင်ငံရေး သြဇာ ကြီးမားသော နိုင်ငံရေးပါတီ များ ဖြစ်ကြသည့်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်အရ၊ မြန်မာပြည်၏ တတိယ အင်အား အတောင့်ဆုံး နိုင်ငံရေး ပါတီဖြစ်ခဲ့ပြီး၊ ယခု အခါ ရခိုင်ပြည်၏ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) သည်လည်းကောင်း၊ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး ဦးဆောင်ပါတီဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် လည်းကောင်း ပါဝင်သည်ကို တွေ့ရသည်။    ထို့ပြင် နိုင်ငံတကာမှ ရဟန်းတော်များကလည်း ဆရာတော်အား ဖမ်းဆီးမှုသည် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး လုပ်ကြံမှု သက်သက်သာ ဖြစ်ကြောင်း မီဒီယာများက ထောက်ပြ ပြောဆိုနေကြသည်ကို တွေ့မြင်နေကြရပြီ ဖြစ်ပါသည်။ နိုင်ငံရေးအရ အရှိန်အ၀ါ ကြီးမားသူဖြစ်ပြီး၊ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (ခေါ်) ကမ္ဘာ့ ရခိုင်အသင်းကြီး (World Arakanese Organization- WAO)၏ ဒု-ဥက္ကဌ ဖြစ်သူ၊ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက လည်း ဆရာတော် အကျင့် သီလ ပျက်ယွင်းလိမ့်မည်ဟု မယုံကြည်နိုင်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကလည်း ဆရာတော်အား စွပ်စွဲချက်များ နှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် မည်သူမျှမပြနိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။ ထိုနည်းတူ ဆရာတော်ကို မတရားဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်ရေး ၀က်ဆိုက်များ၊ နိုင်ငံရေးအကျဉ်းသား ကူညီမှု ၀က်ဆိုက်များသာမက၊ ရခိုင်နှင့် မြန်မာ အင်တာနက် စာမျက်နှာ များတွင်ပါ ထိတ်တန်း သတင်းတစ်ပုဒ် အဖြစ် ဖော်ပြလျက် ရှိနေသည်ကို တွေ့ရပါသည်။ ဤ အချက်များကို ကြည့်လျှင်ပင် ဆရာတော်၏ လုပ်ရပ်များကို ရခိုင်အမျိုးသားများ နှင့် နိုင်ငံတကာက ထောက်ခံလျက် ရှိကြောင်း သိသာ ထင်ရှားနေပြီး၊ နအဖ၏ မတရားသော ၀ါဒဖြန့် ဖမ်းဆီးခြင်း လုပ်ရပ် တစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်ပါသည်။ 

နောက်ဆုံးပြောရလျှင်…… 

နအဖတို့၏ မတရားသော အမိန့်အာဏာအောက်မှ မတရား စစ်ဆေးပြီး၊ ထွက်ပေါ်လာမည့် နအဖ စစ်ဝါဒီတို့၏ တရားရုံးမှ မည်သို့ပင် ဆုံးဖြတ်ချက် ချသည် ဖြစ်စေ၊ ထို အဖြေသည် .. မှန်ကန်သော အဖြေ တစ်ရပ် ဖြစ်လိမ့်မည်ကား လုံးဝ မဟုတ်သည်မှာ လုံးဝ သိသာ ထင်ရှားနေပါတော့သည်။

http://rammawaddy.blogspot.com ၎င်းနေရာမှကူးယူဖော်ပြပါသည်။

ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား ( ၄၈ ) ပါး

ရက္ခိုင်လူမျိုးရို့ ၏ ကျင့်ဝတ်တရား ( ၄၈ )ပါး ( ဗဟုသုတ အနီနန့်  ဖတ်ရှုပါရန် )

သာစွာဌါနီ ရက္ခိုင်ပြည်သည် ရှိလွန်ခရေနှစ်ပေါင်း ( ၅၀၀၀ )ကျော်ပင် ထီးနန့်နန်းနန့် ကြာဋ္ဌါန်းနန့် မြို့ ပြနိုင်ငံတည်ထောင်ဗျာလ် ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခကတ်ပါသည်။ ၎င်းကို ရက္ခိုင်သမိုင်းသုတေသီရို့ က ခေတ်ကာလများ ပိုင်းခြား၍ အောက်ပါအတိုင်း သုတေသနပြု သတ်မှတ်ခကတ်ပါသည်။ ယင်းတိကိုဖော်ပြရကေ …
၁။ ပထမဓညဝတီခေတ်
(BC ၃၃၂၅-၁၅၀၈) = ၁၈၁၇ နှစ်
၂။ဒုတိယဓညဝတီခေတ်
(BC ၁၅၀၈-၅၈၀) = ၉၂၅ နှစ်
၃။တတိယဓညဝတီခေတ်
(BC ၅၈၀-AD ၃၂၆) = ၉၀၆ နှစ်
၎။ဝေသာလီခေတ်
(AD ၃၂၇-၈၁၈) = ၄၉၁ နှစ်
၅။လေးမြို့ ခေတ်
(AD ၈၁၈-၁၄၃၀) = ၆၁၂ နှစ်
၆။မြောက်ဦးခေတ်
(AD ၁၄၃၀-၁၇၈၄) = ၃၅၄ နှစ်
စုစုပေါင်း = ၅၁၀၈ နှစ်
ရက္ခိုင်ဘုရင်ရို့ သည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရာတွင် မင်းကျင့်တရားဆယ်ပါးနန့်အညီ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ရဟန်းပညာဟိ၊ လူပညာဟိရို့ ၏ အကြံအဥာဏ်ကို ရယူလက်ခံကာ တိုင်းပြည်စည်ပင်သာယာဝဖြိုးအောင် အုပ်ချုပ်ခကတ်သည်။ ရက္ခိုင်ဘုရင်သည် ဘိသိက်သွန်းမင်္ဂလာ ကျင်းပပြီးနောက် မဟာမြတ်မုနိဘုရားတွင် ဦးခိုက်ပူဇော်ပြီး အဓိဋ္ဌါန်ဥပုသ်ရည်ရှည်စောင့်သော အစိုင်အလာတိ ဟိခကတ်ပါသည်။ ရဟန်းတော်တိးက သာသနာတော်ကို စောင့်ရှောက်၍ သုခ မိန်ပညာဟိအမတ်တိးက တိုင်းပြည်ကို ထိန်းသိမ်းကတ်သည်။ ရက္ခိုင်မင်းတိလက်ထက် ရဟန်း၊ သံဃာတော်တိသည် တိုင်း ပြည်၏အကြီးအမှူး၊ သြဝါဒစရိယတိ ဖြစ်ကြောင်းတွိရသည်။

ဒေဂု မြောက်ဦးခေတ် တောင်ညိုကျောင်းတိုက်ဆရာတော် အဂ္ဂမုနိမထေရ်မြတ်၏ တိုင်းပြည်နန့်လူမျိုးအတွက် ချမှတ်ပီးခသော ကျင့်ဝတ်တရားတိကို လောကဓမ္မ နှစ်ဌာနအတွက် အသုံးပြုကြစီရန် ဖော်ထုတ်တင်ပြလိုသည်။ ဖော်ပြလတ္တံ့ သော ကျင့်ဝတ်တိကို မြောက်ဦးခေတ်၊ မင်းစောမွန်(ကောဇာ ၈၈ရ-၈၉၃)လက်ထက်တွင်လည်းကောင်း၊ မင်းဗာကြီး(ကောဇာ ၈၉၃-၉၁၅) လက်ထက် တွင်လည်းကောင်း၊ လိုက်နာကျင့်သုံးခကြောင်း တွိရသည်။ ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈)ပါးသော ရက္ခိုင်လူမျိုးရို့ ၏ ကျင့် ဝတ်ကို ဖော်ပြရသော် …

၁။ ရှီးဦးစွာ ရတနာသုံးပါးအား မမိန့်မလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ကြရန်တစ်ပါး။

၂။ မိဘဆရာသမားရို့ ၏ ဆုံးမသြဝါဒကို မြီဝယ်မကျ မှတ်သားနာယူ ကျင့်သုံးစောင့်ရှောက်ကြရန်တစ်ပါး။

၃။ မိမိရို့ ၌ မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်တိကို ပယ်ရှားစောင့်ရှောက်ကြရန် တစ်ပါး။

၎။ ပညာသိပ္ပ တတ်မြောက်စီရန် ကြိုးစားအားထုတ်လျက် သင်အံလေ့လာကြစီရန် တစ်ပါး။

၅။ အသက်သိက္ခာကြီးရင့်သောသူရို့ နန့် မိဘ၊ ဆရာ၊ ရီမြီအရှင် ဘုရင်မင်းမြတ်ရို့ အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးရှောင်ကြည်ကြရန် ပညတ်ခြင်းလည်းတစ်ပါး။

၆။ မိမိကိုယ်ကို ပညာနန့်ပေါင်းယှဉ်လျက် လောဘ၊ ဒေါသ၊ မောဟ စသော မကောင်းသောဆန္ဒတိကို ပယ်ရှားခြင်းလည်းတစ်ပါး။

ရ။ ငါးပါးသီလကို စောင့်ရှောက်ပြီးလျှင် မိမိရို့ အားလျော်စွာ အလှူဒါနကုသိုလ်တိကို နိညမပြတ် စိုက်ပျိုးရခြင်းတစ်ပါး။

၈။ လောက၌ သူတစ်ပါးရို့ အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ရှားပြီး စိတ်ကြည်လင်စွာဖြင့် မေတ္တာတရားကို ရှိထားလျက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းတစ်ပါး။

၉။ ထို့ အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်ရို့ အား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းတစ်ပါး။

၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့ ၌ ပညာဖြင့်ပေါင်းပြီးလျှင် တရားလက်လွတ်လျက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့ သည် လောကတွင် သတ္တဝါရို့ ၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကို ဝီးစွာရန်သူကဲ့သို့  မိမိစိတ်၌ထားပြီး ရှောင်ကြည်ရခြင်းတစ်ပါး။

၁၁။ သူတစ်ပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတစ်ပါးရို့ ၏ သားမယားရို့  အားလွန်ကျူးခြင်းမှ အထူး ရှောင် ကြဉ်ရခြင်းတစ်ပါး။

၁၂။ မိမိအား သူတစ်ပါးရို့ သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း မျက်မာန်ဒေါသတိထိန်းချုပ်လျက် သည်းခံခြင်း ဖြင့် ရှောင်ကြဉ်ရခြင်းတစ်ပါး။

၁၃။ လူရို့ ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကို အလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့် ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့  ဖြစ်ပျက်နီခြင်းကို ဒုက္ခတရားဖြင့် သိမြင်ကာ ကြောက်ရွံ့ ထိတ်လန့် စီရန် ရှာမှီးရခြင်းလည်းတစ်ပါး။

၁၄။ ထို့ အပြင် လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ် ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်လျက် ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းလည်းတစ်ပါး။

၁၅။ ထို့ ပြင် အမင်၊ အဘာရို့ အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတစ်ဆူ၊ ဂူတစ်လုံးကဲ့သို့  နိညမပြတ် အရိုအသေ အလေးအ မြတ် ရှိခိုးဦးတင်လျက် ပြုစုလုပ်ကျွေး မွီးမြူရခြင်းလည်းတစ်ပါး။

၁၆။ ထို့ အပြင် မိမိရို့  ဆွေးမျိုးညာတိရို့ ၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်း လည်း တစ်ပါး။

၁၇။ ထိုမှတစ်ပါး အရပ်လေးမျက်နှာမှ ရောက်လာကတ်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့ တွင် အဝတ်အစားရိက္ခာ ချို့ တဲ့သော ပုဂ္ဂိုလ်တိအား ကောင်းမွန်စွာပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို သိုမှီးပြုလုပ်ရခြင်းလည်းတစ်ပါး။

၁၈။ ထို့ အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်ဖောက်ကား ပြုလုပ်ကြသောသူတိ၌ မိမိ လုပ်ကိုင်လျက်ဟိသော အလုပ်တိတွင် နိညမပြတ် အစီးအပွါးတွက်ချက်ပြီး မယုတ်မလျော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းတစ်ပါး။

၁၉။ ထိုသို့ လုပ်ကိုင်ခြင်းမှ စောင့်ရှောက်ပြီးလျှင် အစာရိက္ခာတိကို ပြည့်ဝှမ်းစွာ ကျီကျတိဖြင့် သိုမှီး၍ ဆွေးမျိုးရို့ အား ထောက်ပံ့ မစားရခြင်းတစ်ပါး။

၂၀။ ထိုသို့ ထုံးနည်းတိကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့ အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းလည်းတစ်ပါး။

၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ ကျေးဇူးကို သိရခြင်းလည်းတစ်ပါး။

၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့ မျိုးရိုးမှ ဆင်းသက်လာသော ဓမ္မတာကျင့်ရိုးတိကို မဖောက်မပြန် ကျင့်သုံးစောင့်ရှောက်ရခြင်းလည်းတစ်ပါး။

၂၃။ အစိုင်တရားစောင့်ရှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှီးသူဟောင်း သက်ကြီးရို့ ၏ ထုံးနည်းနာတိကို ယူဆောင်၍ ပြုလုပ်ရခြင်းလည်းတစ်ပါး။

၂၄။ တစ်ပါးသော အမျိုးရို့ က လှည့်ပတ်ဖြားယောင်သော်လည်း မိမိရို့ မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှ ရှောင်ကြဉ်ရခြင်းတစ်ပါး။

၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့ အား တစ်စုံတစ်ခုသော လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို ရှောင်ကြဉ်ရခြင်းတစ်ပါး။

၂၆။ တစ်စုံတစ်ခုသော အတတ်ပညာမဟိသောသူရို့ အား ညဥ့်မှောင်မသိ၊ ကြက်မျက်အိပ်သောသူရို့  နန့် အလားတူဘိသကဲ့သို့  လူမှုစီးပွါးဆောင်ခြင်းကို ရှောင်ကြဉ်ခြင်းလည်းတစ်ပါး။

၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စတိကို ကျေပွန်စွာ နားလည်လိမ္မာ သိတတ်ခြင်းနန့် ပြည့်စုံရခြင်းလည်းတစ်ပါး။

၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးမြူရာဝယ် ကြံစည်တွက်ဆ ဇွဲလုံ့ လထုတ်ကာ စီးပွါးချမ်းသာခြင်းနန့် ပြည့်စုံရခြင်း လည်းတစ်ပါး။

၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတိကို ထိန်းချုပ်လျက် သူတစ်ပါးက မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိက ရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။

၃၀။ မိဘရို့ ၏ကျေးဇူးတရားတိသည် မြင့်မိုရ်တောင်နန့် နှိုင်းဆငြားသော်လည်း အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင် တည်းဟု ဖန်တလဲလဲ အောက်မိသတိရခြင်းလည်းတစ်ပါး။

၃၁။ အသင့်ပေါင်းဖက်ကြသော သားမယား၊ မြီး၊ မြစ်၊ ဆွေးမျိုး၊ ကျေးကျွန် စသည်များကို စောင့်ရှောက် ထောက်ပံ့ရခြင်းလည်းတစ်ပါး။

၃၂။ လူပယ်၊ လူပြက်ရို့ က ကဲ့ရဲ့ ကြသော်လည်း ဝမ်းထဲ သံဝေစိတ်ဖြင့်ဖြေလျက် ထိုသူရိုအား ဝီးစွာရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။

၃၃။ လူကောင်းရို့ က ချီးမွမ်းခြင်းဖြစ်စီရန် ဆွေမျိုး၊ ခင်ပွန်း၊ အခြွီအရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ စောင့်ရှောက်ရခြင်းလည်းတစ်ပါး။

၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို ခံယူဘိသကဲ့သို့  လည်းကောင်း၊ ခြကောင်းတိသည် မိမိ၏ပစဖြင့် ကိုက်ချီယူလျက်၊ တောင်ပို့ ပြုလုပ်သကဲ့သို့  လည်းကောင်း၊ စီးပွါးဥစ္စာကို စုဆောင်းရခြင်းလည်းတစ်ပါး။

၃၅။ လူရို့ ၌ ပညာ၊ ဝီရိယဖြင့် မြဲမြံခိုင်မာစွာ ကြံဆောင် လုပ်ဆောင်ရခြင်းလည်းတစ်ပါး။

၃၆။ ထိုသို့ လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောက်ျားမြတ်ရို့ လုပ်ကိုင်ခြင်းသည် မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာစီးပွါးခြင်းလည်းတစ်ပါး။

၃၇။ ထို့ ပြင် ပညာချို့ တဲ့သောသူများ၌ လုံ့ လမဲ့မှု၊ အများသူရို့ ၏ ကဲ့ရဲ့ ပြစ်တင်မှုကို ခံရခြင်းလည်းတစ်ပါး။

၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့ က မည်ကဲ့သို့ မသိ၊ ပျင်းရိရိနန့် ကြမ္မာပိုက ငါရို့ နီရာ စီးပွါးလာ အံ့ဟု ကြမ္မာကို ယိုးစွပ်လျက်နီခြင်းကို ရှောင်ကြဉ်ရခြင်းတစ်ပါး။

၃၉။ နိုင်ငံတော်၌ သဌေး၊သကြွယ်၊ ကုန်သွယ်လယ်လုပ်တိက သူတစ်ပါးရို့ မှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ် အာဝါသကောင်းသော ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနန့် အလားတူ ဖြစ်စီရခြင်းလည်းတစ်ပါး။

၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ သွားလာသူအပေါင်းရို့ ကို အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့ ၊ ထိုနည်းတူစွာ လူသုံးပါရို့ ၏ မှီခိုချမ်းသာစွာ နီကြစီရန် ဆောင်ရွက်ခြင်းလည်းတစ်ပါး။

၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်တိကို မှီခိုလာသော ငှက်အပေါင်းရို့ သည် သာယာချမ်းမြိ့  စွာ စားသောက်ရသကဲ့သို့  ငါရို့ အမျိုးလေးပါးရို့ မှီခိုလျက် စားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ခြင်းလည်းတစ်ပါး။

၄၂။ သူဆင်းရဲရို့ သည် သဌေး၊ သကြွယ် အသီးသီး ညာတိသင်္ဂဟများအား မှီခိုလျက် လုပ်ကိုင်စားသောက်ကြရန်လည်း တစ်ပါး။

၄၃။ မှီခိုလုပ်ကိုင်သူများအား စောင့်ရှောက်သူရို့ က သွန်သင်ပြောရာတွင် သူတစ်ပါးရို့  ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြော၍ စောင့်ရှောက်ရခြင်းလည်း တစ်ပါး။

၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ရှောက်ခြင်းကို ရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။

၄၅။ မိမိ၌ မှီခိုသူရို့ အား လောကဝတ်ထိုက်သည့်အားလျော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းများကို ဆောင်ရွက်ထိန်းသိမ်းရခြင်းလည်း တစ်ပါး။

၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့ အား စောင့်ရှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ရှောက်ရခြင်းလည်း တစ်ပါး။

၄၇။ မိမိရို့ ၌ ဆွေရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့ အား ပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျက် အဝတ်အစား ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းလည်း တစ်ပါး။

၄၈။ ရက္ခိုင်မျိုးရိုးများ၌ အစိုင်ဆင်းသက်လျက် ကျင့်သုံးဆောက်တည်ကြရသော ပညတ်တရားများကို မမိမလျော့ဘဲ စောင့်ရှောက်ရခြင်းလည်းတစ်ပါး။

အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့ ၏ ကျင့်ဝတ် (၄၈)ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင်လူမျိုးရို့ ၏ ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးတိ တိုးတက်ကြီးပွါးနိုင်ကြပါစီလို့  လေ့လာမှတ်သားကာ ရွီးသားလိုက်ရပါသည်။
ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။

သန္တာမြီ-မောင်သော်တာ(ရွီးသားသည်)

ကျမ်းကိုးစာရင်း

၁။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း(မြောက်ဦး)၏ ဟောပြောချက်များ။
၂။ ရက္ခိုင်ရှီးဟောင်း ဂါထာမန္တန်ထူးများ(အသျှင်ဝါသဝ)

စစ်ခွေးပစ် မုဆိုး ပြန်လည်တင်ဆက်လိုက်ပါသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...