ပုဂံမင်းများ

တောင်သူကြီးမင်းသည် ပုဂံမင်းဆက် သိန်းခိုမင်း ကံတော်ကုန်လွန်ပြီးနောက် မူးမတ်များတင်သော မင်းဖြစ်လေသည်။ ကောဇာ သက္ကရာဇ် ၂၇၉ တွင် တောင်သူကြီးမင်း နန်းတက်ခဲ့၏ ။ထိုမင်း ကို နတ်တော်ကျောင်းတကာ ၊ မင်းအိုချမ်းသာ ၊ ညောင်ဦးစောရဟန်း ဟူ၍ အမျိုးမျိုး အမည်တွင်သည်။ တူးရွင်းဖြင့် ရိုက်သတ်ပြီး မင်းဖြစ်လာသူ ငတပါးမင်း (မင်းရိုး မဟုတ်သောမင်း) ဖြစ်သည်။

(သက္ကရာဇ် ၅၆၂ တွင် ၂ ခုအကြွင်းထား သက္ကရာဇ် ဖြိုခဲ့သော ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း နှင့်ကွဲပြားစေရန် သက္ကရာဇ်ဖြို စောရဟန်းမင်း ကို ပုပ္ပားစောရဟန်း ၊ တောင်သူကြီးမင်း ကို ညောင်ဦး စောရဟန်း ဟု ခွဲခြားသတ်မှတ်၏။)

ပါးစပ်ရာဇ၀င်

တောင်သူကြီးမင်း    အခါတစ်ပါးက သိန်းခိုမင်းသည် တောလည်ထွက်ရာမှ မျက်စေ့လည်လမ်းမှားလျက် တောင်သူကြီးတစ်ဦး၏ ယာခင်းအနီး ရောက်သွားခဲ့သည်။ အဆိုပါဘုရင်သည် ဆာလောင်မွတ်သိပ်နေပြီး ရေငတ်လှသည်ဖြစ်ရာ တောင်ယာခင်းရှိ သခွားသီးများအား ပိုင်ရှင်နှစ်လိုမှုရှိမရှိ ဆင်ခြင်စဉ်းစားမနေပဲ ဆွတ်ယူစားသုံးမိသည်။ ထိုအခြင်းအရာကို ယာခင်းရှင် တောင်သူကြီး မြင်လေသော် လွန်စွာအမျက်ထွက်လျက် ဘုရင်အား တူးရွင်းဖြင့် မှားယွင်းသတ်မိသည်။ မူးမတ်တို့ရောက်လာပြီးအကြောင်းစုံသိလတ်သော် ဘုရင်ကိုသတ်သူသည် ဘုရင်လုပ်ရမည်ဟု ၀ိုင်းဝန်းအကြပ်ကိုင်ပြောဆိုကာ တောင်သူကြီးအား နန်းတော်သို့ခေါ်သည်။
တောင်သူကြီးကား (ခွေးမကြီးနို့ကို ခွေးကလေးများစို့နေသလို) အစီအရီ သီးနေသော သခွါးခင်းကို စွန့်၍ မင်းမလုပ်လိုပါ ဟု အကျောက်အကန်ငြင်းဆန်သေးသော်လည်း အမတ်များကိုမလွန်ဆန်နိုင်ပဲလိုက်ပါသွားရသည်။ မူးမတ်များက တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်မည်စိုး၍ ရှင်ဘုရင်ဟောင်းလွန်လေကြောင်း မပေါက်ကြားစေပဲ ဘုရင်နာမကျန်းဟန်ဖြင့် ၀ှက်ခေါ်လာသော တောင်သူကြီးအား နန်းဓလေ့ထုံးစံ ထီးမူနန်းဟန်တို့ တစ်ပါတ်ခန့် သင်ကြားပေးပြီးမှ ညီလာခံထွက်စေသည်။ အကြောင်းရင်းမှန်ကို မသိသော နန်းတွင်းသားအချို့က တောင်သူကြီးမင်းအား စတင်တွေ့မြင်ရစဉ် တွင် (ဟင် ငါတို့ ရွှေနန်းရှင်လည်း မဟုတ်ပါလား) စသည်ဖြင့် အံ့အားသင့် ရေရွတ်မိလေရာ နန်းမဆောင်ရှိ ကျောက်ရုပ်ကြီးက ထိုသူတို့အားထောင်းလေသည် ဟူ၏။

မင်းလောင်းပေါ်မည်   ကွမ်းဆော်ကြောင်ဖြူမင်း   တောင်သူကြီးမင်း လက်ထက်တွင် ကြောင်ဖြူမင်းသားသည် ကွမ်းဆော်ရသော ရာထူးကို ရလေသည်။ တောင်သူကြီးမင်း ထီးနန်းစိုးစံချိန် ၃၃-နှစ်ရှိချိန်တွင် ပုဂံတုရင်းတောင်ခြေတွင် မင်းလောင်း ပေါ်မည် ဟူသော သတင်းစကား ဖြစ်ပေါ်လာခဲ့သည် ။ ကြောင်ဖြူမင်းသားလည်း မင်းလောင်းကြည့်ရန်အသွား လမ်းတွင် အဘိုးအိုတစ်ဦးက မြင်းတစီး ၊ လှံတလက် နှင့် မင်းဝတ်မင်းစား များ ပေးခဲ့သည် ဆို၏ ။ (ရာဇ၀င် အရမူ သိကြားမင်းက ဆက်သသော နတ်မြင်းပျံ ၊ တံ ၊ ပတ္တမြားလက်စွပ် ၊ သီလ၀ံသ ဒါး တို့ ကို ဆက်နှင်းခဲ့ သည် ဆို၏) ကြောင်ဖြူမင်းသား တုရွင်းတောင်ခြေရောက်သွားချိန်တွင် သူ့လို မင်းလောင်းလာစောင့် ကြည့် ကြကုန်သော လူအပေါင်းက ကြောင်ဖြူမင်းသား ကို မင်းလောင်းဟုသတ်မှတ်ပြီး နန်းတော်အရောက် ခေါ်ဆောင် သွား ရာ လက်ရှိမင်း တောင်သူကြီးမင်းမှာ ဒေါသဖြင့် နန်းထက်က ကျသေသဖြင့် ကြောင်ဖြူမင်း ထီးနန်းရလေသည်။

ဘ၀နိဂုံး

အမှန်တကယ် ကွယ်လွန်ပုံကို ကွမ်းဆော်ကြောင်ဖြူ မင်းတွင်ကြည့်ပါ။ တောင်သူကြီးမင်း ကံကုန်သောအခါ တန်နက်မင်း၏ သားတော် ကွမ်းဆော်ကြောင်ဖြူ မင်း နန်းတက်သည်။ပျဉ်ပြားမင်းသည် ပုဂံမင်းဆက် (၃၃) ဆက်မြောက် ခဲလူးမင်း ပြီးနောက် တက်သောမင်းဖြစ်သည်။ ပျဉ်ဖျား(ပြား) (ခေါ်) ပျဉ်ပြားမင်းသည် (ခရစ်-၈၄၆) ကောဇာသက္ကရာဇ် ၂၀၈-ခုတွင် ပုဂံမြို့ကို တည်ထောင်တော် မူသည်။

ကွမ်းဆော်ကြောင်ဖြူမင်း သက္ကရာဇ် ၃၁၂ မှ ၃၃၃- ခုနှစ်

ကွမ်းဆောင်ကြောင်ဖြူမင်းသည် ပုဂံမင်းဆက် (၃၅)ဆက်မြောက် တန်နက်မင်း၏ သားတော်တစ်ပါးဖြစ်သည်။ အိမ်နိမ့် ၅၈ ၊ စည်းစိမ် ၂၂ ။ သက်တော် ၈၀ ။ နံတော် တနင်္ဂနွေသား ဖြစ်သည်။ တောင်သူကြီးမင်းလက်ထက်တွင် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အ၀င်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လျှင် မင်းလောင်းဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော်လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။

(အထက်ပါပါးစပ်ရာဇ၀င်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။)

ကြောင်ဖြူမင်း(ဇတ်မြုတ်နေထိုင်ရာ အရပ်ကို အစွဲပြု၍ခေါ်သောအမည်) သို့မဟုတ် ကွမ်းဆော်မင်း (လုပ်ကိုင်ခဲ့သောအလုပ်ကို အစွဲပြု၍ ခေါ်သောအမည်) ဖြစ်သည်။ ကွမ်းဆော်ကြောင်ဖြူသည် သက္ကရာဇ် ၃၂၆ တွင် ထီးနန်းရလေသည်။ နန်းတက်ပြီးသည့်နောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ ကျဉ်စိုးကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ စုက္ကတေးကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ အနော်ရထာကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ၀မ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။

ကွမ်းဆော် ကြောင်ဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။

(ကျောင်းအဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိပါသည်။)

ထို့နောက် သားတော် စုက္ကတေးက ထီးနန်းစိုးစံတော်မူသည်။ နောက်တွင် အနော်ရထာက စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူ အနော်ရထာကိုသာ မင်းပြုစေသည် ဟုဆိုသည်။ [1]

သက္ကရာဇ် ၆၇၅-ခု ရေး မြင်းကပါ ဂူပြောက်ငယ် မင်စာ တွင် က္လောင်ဖ္လူ (ကျောင်းဖြူ) မင်းအကြောင်းကို တွေ့ရသည်။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်နှင့် ရေးသည် ။ဖြူသောကျောင်း ဟု အဓိပ္ပါယ်ရသည်။ [2]

မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇ၀င်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။

ကျဉ်စိုးမင်း  သည် အမှန်တကယ်မှာ တောင်သူကြီးမင်းနှင့် တောင်ပြင်သည် မိဖုရားကြီးမှ ပဋိသန္ဓေဖြစ်လေသည်။ ကွမ်းဆော်ကြောင်ဖြူမင်း နန်းတက်ပြီးနောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရားဆက် တင်မြောက်ခဲ့ရာ ကျဉ်စိုးမင်းသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် တောင်ပြင်သည် မိဖုရားကြီးမှ ဖွားမြင်သော သားတော်ဖြစ်လာလေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ စုက္ကတေးကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။

စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင်တစ်ဆောင် (ကျောင်းအဖြူ)ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည်ဟုဆိုကာ နန်းချလိုက်လေသည်။ ထို့နောက် ကျဉ်စိုးမင်းသား နန်းတက်ခဲ့သည်။

ကျဉ်စိုးမင်းသား ၆-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် တစ်နေ့ တောကစားထွက်ရင်း သမင်တစ်ကောင် ရေသောက်နေသည်ကို တွေ့သဖြင့် အသာချောင်းမြောင်း နေလေသည်။ ထိုစဉ်အတွင်း တောလိုက်မုဆိုးတစ်ဦးကလည်း ယင်းသမင်ကို တောစပ်ချုံပုတ် တစ်နေရာမှ ချောင်းမြောင်းနေလေသည်။ သမင်သည် ကျဉ်စိုးမင်းသားအား တွေ့သည်နှင့် ရုတ်တရက်လန့်၍ ပြေးရာ မုဆိုးပစ်လိုက်သည့်မြားက ကျဉ်စိုးမင်းကို ထိမှန်လျှက် နတ်ရွာစံရလေသည်။

(သမိုင်းတွင် ညီတော် စုက္ကတေးကလုပ်ကြံသဖြင့် ကျဉ်စိုးမင်း ကွယ်လွန်သည်ဟု မှူးမတ်အချို့က မှတ်ယူကြသည်။ အမှန်တကယ်တွင်လည်း သံသယဖြစ်ဖွယ်ကောင်းလှသည်။ ပုဂံဘုရင်တစ်ပါးတည်း တောကစားထွက်ခြင်း၊ သာမန်မုဆိုးတစ်ဦး၏ လက်ချက်ဖြင့် မြားမှန်ကာ ဘုရင်နတ်ရွာစံရခြင်းမှာ ယုတ္တိမရှိလှပေ။)

ပုဂံနေပြည်တော်တွင် ကျဉ်စိုးမင်း၏ သတင်းကို ညီတော် စုက္ကတေးမင်းသားက ဖုံးဖုံးဖိဖိပြုကာ ထီးနန်းကို ဆက်ခံလေသည်။[1]

စုက္ကတေးမင်း  သည် အမှန်တကယ်မှာ တောင်သူကြီးမင်းနှင့် အလယ်ပြင်သည် မိဖုရားကြီးမှ ပဋိသန္ဓေဖြစ်လေသည်။ ကွမ်းဆော်ကြောင်ဖြူမင်း နန်းတက်ပြီးနောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရားဆက် တင်မြောက်ခဲ့ရာ စုက္ကတေးသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် အလယ်ပြင် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်လာလေသည်။ ကျဉ်စိုးမင်းသားကို ကွမ်းဆော်ကြောင်ဖြူမင်းကြီး၏ တောင်ပြင်သည် မိဖုရားကြီးမှ ဖွားမြင်သည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။

စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည်ဟုဆိုကာ နန်းချလိုက်လေသည်။ စုက္ကတေးမင်းသားသည် နောင်တော် ကျဉ်စိုးမင်းသားကို နန်းတင်လေသည်။ ကျဉ်စိုးမင်းသား ၆-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် နတ်ရွာစံသောအခါ ညီတော် စုက္ကတေးနန်းတက်လာသည်။

စုက္ကတေးမင်းနှင့် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်း က အနော်ရထာအား ပြောခဲ့သည့် "ညီသားနောင်မယ်"ဆိုသည့် စကားရပ်မှာ သမိုင်းတွင်ခဲ့ရသည်။ အနော်ရထာသည် စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး စုက္ကတေးမင်း နတ်ရွာစံတော်မူသည်။

[1] စောလူးမင်း(ကောဇာ ၃၉၇-၄၀၄)၊ မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ ဖခင်အနော်ရထာမင်း တည်လက်ဆ ရွှေစည်းခုံစေတီကိုလည်း ပြီးအောင်မတည်ခဲ့ပေ။ ငယ်ရွယ်သူ ဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေး တွင်အားနည်းပြီး၊ အပျော်အပါးတွင် ၀ါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။ တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် ရှင်အရဟံနှင့် မှုးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့် ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့သည်။ သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူ ပဲခူးစား ငရမန်ကန်းနှင့် စစ်ပြုရာ ၄င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။ ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှ ကယ်ရန် ကျိုးပမ်းသော်လည်း ယုံကြည်ခြင်း မရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန်သူလက်တွင်း၌သာ အဖမ်းခံဘ၀နှင့် အသတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ ၄င်းကွယ်လွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။

စလေငခွေး ပုဂံမင်းဆက် (၃၅) ဆက်မြောက် တန်နက်မင်း ထီးနန်းစိုးစံချိန် ၂၈ နှစ် ရှိသောအခါတွင် မြင်းခံငခွေး ခေါ် စလေငခွေး က တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး နန်းတက်ခဲ့သည်။

·         (သာမာန်လှေထိုးသားငခွေး၏ထိုးဝါးတွင်မနောလင်ပန်း(ရွှေလင်ပန်း)များငြိတွယ်ပါလာဖူးသည်ဆိုသည်။ငါ၏ဘုန်းကံအမှန်ကောင်းမွန်နေပါကဤမျှဖြင့်မတင်းတိမ်နိုင်ဟုတွေးမိကာရေ၌ပြန်လည်စွန့်လွှတ်ခဲ့သည်ဟုပြောစမှတ်ပြုကြသည်။)

စလေငခွေးသည် မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးမင်းအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ ပို့၍ ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်၍ အသက်ကုန်စေသည်။ [1]

စလေငခွေးမင်း ကံကုန်သောအခါ သူ၏ သားတော် သိန်းခိုမင်း ထီးနန်းဆက်ခံသည်။

နရသူမင်း  သည် အလောင်းစည်သူဘုရင်၏ သားတော်ငယ် ဖြစ်သည်။ နရသူသည် ဘခမည်းတော် အလောင်းစည်သူ မင်းကြီးအား ရွှေဂူကြီးဘုရား‎အတွင်းသို့သွင်းကာ စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိညှပ်သတ်ဖြတ်လိုက်သည်။ နရသူသည် ဖခင်အရင်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်သည် သာမက ပုဂံပြည်၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်အား လိမ်လည်လှည့်ဖြား အကာအကွယ်ယူပြီးလျှင် နောင်တော်ကြီး မင်းရှင်စော အား နံနက်တွင် ဘိသိက်သွန်း မင်းတင်မြှောက်ပြီး ညပွဲတော်စာတွင် အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ကာ ပုဂံပြည်ထီးနန်းအား အဓမ္မ သိမ်းပိုက်ခြင်း ပြုခဲ့သည်။ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်သည် ယင်းအပြုအမူအား ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက်မနေတော့ပဲ သီဟိုဠ် သို့ ထွက်ခွာသွား လေသည်။ ရဟန်းရှင်လူ ပုဂံပြည်သူများသည် နရသူအား မုန်းတီးရွံရှာကြလေသည်။ ပုဂံသူပုဂံသားများသည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့ ၍ ရှောင်ကွင်းကြသည်။ နရသူသည် မိမိအား တိုင်းသူပြည်သားများက မလိုမုန်းထားသည်ကို သိရှိရ၍ ပိုမိုပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြန်သည်။

နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာသန်လျက်(ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထို့ကြောင့် သမိုင်းတွင် ကုလားကျမင်း ဟု၍လည်း ခေါ်တွင်သည်။ [1]

မြန်မာရာဇ၀င်သမိုင်းများ၏ ရေးသားဖော်ပြချက်များအရ နရသူသည် အရိုင်းစိုင်း အယုတ်မာဆုံး မင်းတစ်ပါးဖြစ်မှန်း ပေါ်လွင်ထင်ရှားပေသည်။ နိုင်ငံခြား သမိုင်း သုတေသီ တစ်ဦးဖြစ်သည့် ဂျီအီးဟာဗီက ၎င်းစာအုပ်တွင် ထင်မြင်ချက်ပေး၍ ရေးသားထားသည်မှာ နရသူတည်ခဲ့သည့် ဓမ္မရံစေတီတော်ကြီး သည်ပင် ကျက်သရေ ကင်းမဲ့ပြီး အရောင်အဆင်း မရှိဟုဆိုသည်။ နရသူကိုလည်း ၎င်းအားမုန်းတီးသူများက လုပ်ကြံသတ်ဖြတ် လိုက်ကြလေသည်။

အာဏာဆုပ်ကိုင်လိုမှုအတွက် အုပ်စိုးသူ ရှင်ဘုရင်များကြား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ ဖခင်အရင်းနှင့် အကိုအရင်းအား လုပ်ကြံသတ်ဖြတ်လျက် ပုဂံထီးနန်းအား သိမ်းပိုက်ခဲ့သည့် နရသူ အားလည်း ၎င်းအား မုန်းတီးသူများက လုပ်ကြံ၍ ကွယ်လွန်ပြီးနောက် နရသူ၏ သားနှစ်ယောက်ဖြစ်သည့် နရသိင်္ခ နှင့် ညီဖြစ်သူ နရပတိစည်သူတို့ ကြား စိတ်ဝမ်းကွဲကြပြန်လေသည်။ [2]

ပုပ္ပါးစောရဟန်းမင်း သည် ပုဂံရာဇ၀င်တွင် သက္ကရာဇ် ဖြိုသောမင်းအဖြစ် ထင်ရှားလေသည်။ ကောဇာ သက္ကရာဇ် ၅၃၅-ခုတွင် နန်းတက်သည်။ ကောဇာ သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် (ခေါ်) ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခန်းဆပဉ္ဇာ ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ပုဂံရာဇ၀င်တွင် စောရဟန်းမင်း နှစ်ပါးရှိသည်။ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍ တောင်သူကြီးမင်းကို ညောင်ဦးစောရဟန်းဟု ခွဲခြားသတ်မှတ်သည်။ [1]

နရသီဟပတေ့မင်း သည် မြန်မာ့သမိုင်းတွင် မင်းခွေးချေး (ခေါ်) တရုတ်ပြေးမင်းဟုလည်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည်။ ဥဇနာမင်းသည် ပန်းပွတ်သည်၏ သမီးကို မိဖုရားအရာမြှောက်၍ မွေးဖွားသော သားတော်ဖြစ်သည်။ မိဖုရားကြီးမှ သီဟသူ မင်းသားကို ဖွားမြင်သည်။

အမတ်ကြီး၏ အညှိုးကြီးမှု

ဥဇနာမင်း လက်ထက် တစ်နေ့၌ လွှတ်တော်ထဲတွင် ၀န်ကြီးများ စကားပြောနေစဉ် သီဟသူမင်းသား ၀င်လာသည်ကို မသိသဖြင့် ရာဇသင်္ကြံအမတ်ကြီးသည် အင်္ကျီဖျင်လက်ကို မသိမ်းမိပေ၊ မင်းသားက ငါလာသည်ကို ဖျင်လက်မသိမ်းရကောင်းလားဟု ဖျင်လက်ပေါ်၌ ကွမ်းတံတွေး ထွေးချလိုက်သည်။ ရာဇသင်္ကြံအမတ်ကြီးလည်း ထိုအင်္ကျီကို တံတင်းခေါ် သေတ္တာထဲတွင် သိမ်းထားလိုက်သည်။ ဥဇနာမင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ ထိုသတင်းကို အထောက်တော်တို့က ပုဂံနေပြည်တော်သို့ သတင်းပို့သောအခါ ရာဇသင်္ကြံအမတ်ကြီးက မှူးမတ်ဗိုလ်ပါတို့ကိုခေါ်၍ `အချင်းတို့ ဤတွင်ကြည့်လော့၊ သီဟသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်ကြီးကိုပင် ဤကဲ့သို့ ရိုင်းပြစွာပြုခဲ့သည်။ သူသာ ရှင်ဘုရင်ဖြစ်လာလျှင် ငါတို့ဒုက္ခမရောက်လော´ ဟုပြော၍ အင်္ကျီကိုပြ၏။ မင်းချင်းများကလည်း အမတ်ကြီးနှင့် သဘောတူညီသဖြင့် အဝေးရောက်နေသော သီဟသူမင်းသား ရောက်လာသောအခါ ဖမ်း၍ ချုပ်ထားလိုက်၏၊ ထိုစဉ် မင်းခွေးချေးက အဘိုး `ငါ့ကို ချီးမြှောက်ပါ´ဟု ကန်တော့ပွဲနှင့် လာ၍ကန်တော့သည်။ သို့နှင့် အသက်နှစ်ဆယ်သာရှိသေးသော မင်းခွေးချေးကို နရသီဟပတေ့ဘွဲ့နှင့် မင်းအဖြစ် တင်မြှောက်ကြသည်။

ရက်စက်သည့်မင်း

နရသီဟပတေ့သည် အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်းထင်ရှားသည်။ ဟင်းခွက်ပေါင်း (၃၀၀)ပြည့်မှ ပွဲတော်တည်လေ့ရှိကြောင်း ဆိုကြသည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင်ငယ်စဉ်အခါက `၀က်လက်ခိုးမသား´ဟု ကျီစားအခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော်ပြည်စားသီဟသူ က နန်းလုသဖြင့် အဆိပ်ပါသောပွဲတော်ကိုမလွန်ဆန်နိုင်ပဲတည်ခင်းရပြီး နတ်ရွာစံကံတော်ကုန်ရသည်။

ကျေးဇူးမသိတတ်ပုံ

ရာဇသင်္ကြန်အမတ်ကြီးသည် ဤဘုရင်၏ကျေးဇူးမဲ့ပုံကို ထုတ်ဖေါ်ပြောကြားလို၍ ညီလာခံတွင် ကလပ်ပဲ့ (ကွမ်းကလပ် အပဲ့)ကို ဆောင်ယူသုံးစွဲခဲ့ရာ အဘိုး အဘယ်ကြောင့် ကလပ်ပဲ့ကိုသုံးနေရသနည်းဟုဘုရင်ကမေးမြန်းသည်ဆို၏။ ထိုအခါ ပန်းပွတ်သယ်များ ကောင်းစားနေ၍ ပန်းပွတ်မည့်သူမရှိသောကြောင့်ဟု ဖြေလေရာ အမျက်တော်ရှပြီး လက်လွန်ပြန်လေသည်။

ဗျတ်ဝိ နှင့် ဗျတ္တ

မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်းတင်ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။ [1] ( မျိုးနွယ် အမည် ဗျတ် ကို အီရတ်၊ အာရေဗျ နှင့် အချို့သောအိန္ဒိယမြောက်ပိုင်းသား စူရတီ မွတ်စလင်တို့အကြားတွင် ယနေ့တိုင်တွေ့ရှိ ရသည်။) ထို အာရပ် မွတ်စလင် နှစ်ဦးသည်သထုံရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။

ထိုသူ နှစ်ဦး သည် အရပ်အမောင်းမြင့်မား ခံ့ညား ကြပြီး လျှင်မြန်ဖြတ်လတ် သန်မာသလို ရဲစွမ်းသတ္တိ လည်း ရှိ ၏ ဟု ပြောစမှတ် တွင်ခဲ့သည်။ ထို ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီနောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့သောဘုန်းကြီးဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီ အသေ (ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီးနောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြထားသည်။ သထုံ ဘုရင် သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား ၎င်း ၏ ဇနီးမယား၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။

ညီငယ်ဖြစ်သူသည် ပုဂံသို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီးအပါးတော်တွင်ဝင်ရောက်ခိုလှုံခစားခဲ့သည်။ သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ်နေ့လျှင် ဆယ်ကြိမ် သွား၍ ပန်းများကို ယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်းပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။[2] မြန်မာ့သမိုင်း ၏ မှတ်တမ်း တစ်ခု ဖြစ်သည့် မှန်နန်းရာဇဝင် တွင်လည်းမြန်မာနိုင်ငံသို့မွတ်စလင်တို့စတင် ရောက်ရှိသည့် ဒေသနှင့်ကာလကို ပထမမြန်မာနိုင်ငံတော်ကြီး (မြန်မာအင်ပါယာ)တွင်းခရစ်သကရာဇ် ၁၀၅၀ ခန့် ဟု ပြဆိုသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော အာရပ်ညီနောင်နှစ်ဦးတို့သည်သထုံ သို့ရောက်ရှိခဲ့ ကြောင်း ၊ သထုံ ဘုရင် သည် ထိုညီနောင် ၏ အစွမ်းသတ္တိ ကို ထိတ်လန့်မိပြီး အစ်ကိုဖြစ်သူ ဗျတ်ဝိ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ၊[3] အငယ်ဖြစ်သူ ဗျတ္တ သည် ပုဂံ သို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီး ထံတွင် ခိုလှုံခစား ခဲ့ကြောင်း ၊[3] ပုပ္ပါး အရပ်ရှိ မိန်းမပျိုတစ်ဦးနှင့် အကြောင်းပါခဲ့ပြီး ရွှေဖျဉ်းညီနောင် ဟု တွင်သော သားနှစ်ဦးထွန်းကားခဲ့ကြောင်း ကို လည်းအဆိုပါ မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။[3]

ပုဂံခေတ်ထေရဝါဒဗုဒ္ဓဘာသာအစ

ရှင်အရဟံ ရဲ့ ဘွဲ့တော်က အရှင်ဓမ္မဒဿီ ဖြစ်ပါတယ်။ သထုံပြည်က အရှင်သီလဗုဒ္ဓိ ရဟန္တာအရှင်မြတ်ရဲ့ တပည့် ဖြစ်ပါတယ်။ ငယ်စဉ်ကပင် စောင့်ရှောက်လို့ ရဟန်းပြုပေး တော် မူပါသတဲ့။ ဗေဒင်လေးပုံ နဲ့တကွ ပိဋကကျမ်းဂန် တတ်မြောက်၍ ရဟန္တာဖြစ်တော်မူ ပါတယ်။ ကျော်စော ထင်ရှားသဖြင့် သောက္ကတဲမြို့( ယိုးဒယားပြည်ရှိ နွတ်ပူရီမြို့ ) က ဒကာများ ပင့်ဖတ်၍ ကြွရောက် သီတင်းသုံး ခဲ့ပါတယ် ။ (၁၀) နှစ်ကျော်ခန့် အဲဒီမှာ သီတင်းသုံးခဲ့ပြီး သထုံကို ပြန် ကြွလာကာ တောရကျောင်း၌ နေတော်မူပါတယ်။

သက္ကရာဇ်(၄၀၆) ခု၊ ပုဂံပြည်မှာ အနော်ရထာမင်းကြီး နန်း တက်ကာစမှာ မင်းကြီးဟာ ပုဂံပြည် မင်းအဆက်ဆက် အဓမ္မဝါဒ ဖြန့်ခဲ့သော (မဟာယာန) အရည်းကြီးများကို စိတ်နဲ့မတွေ့လို့ ဒွိဟ ဖြစ်နေချိန်ပါ။ အရည်းကြီးတို့က လည်း ဒါကိုသိလို့ မင်းကြီးယုံကြည်စေဘို့ သရေခေတ္တရာ ပြည်ရှိ သခွပ်ပင်ကြီးကို အခေါင်းထွင်းပြီး (မဟာယာန) ကျမ်းစာများ ထည့်သွင်းကာ မြေသရွတ် လိမ်းကျံ၍ ပြန် လည် ပိတ်ဆို့ပြီး အပွေးတက်အောင် လုပ်ထားပါတယ်။

ပြီးမှ သခွပ်ပင်၌ ကျမ်းစာရှိကြောင်း အိပ်မက် မက်တယ် လို့ သတင်းလွှင့်၊ ကောလဟလတွေ ဖန်တီးပြီး မင်းကြီး နားပေါက်အောင် လုပ်ကြပါတယ်။ မင်းကြီးလည်း စစ်တပ် နဲ့ သွားပြီး သခွပ်ပင်ကို ဖောက်ခွဲကြည့်ရာ" (မဟာယာန) အရည်းကြီး တို့သည် အယူအကျင့် မှန်၍ ဂေါတမဘုရား ရှင်ရဲ့ တပည့်များ ဖြစ်ကြောင်"… ကျမ်းစာများ တွေ့ရတဲ့အ တွက် မယုံသင်္ကာနဲ့ပဲ တာဝန်မပျက် ဆက်လက် ကိုးကွယ် နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီတုန်းက အရည်းကြီး အင်အားကလည်း မသေးလှပါ ဘူး။ ခေါင်းဆောင်သုံးကျိပ်နဲ့ ငယ်သား ခြောက်သောင်း ရှိပါသတဲ့။ သီလဗုဒ္ဓိ ရဟန္တာ အရှင်သူမြတ်ကြီးဟာ ပုဂံ ပြည်ရဲ့ သတင်းများ ကြားသိတဲ့အခါ ရှင်အရဟံကို အကျိုး အကြောင်း မိန့်ပြီး ပုဂံသို့ သွား၍ သာသနာပြုရန် အမိန့်ချ တော်မူပါတယ်။ ရှင်အရဟံလည်း သားရေနယ်အခင်းကို ပခုံးတင်၊ သပိတ်လွယ်ပြီး သထုံက ကြွလာ၊ ပုဂံပြည်အနီး တောအုပ်တစ်ခုမှာ အမောဖြေနေခိုက်၊ မုဆိုးတစ်ယောက် ကတွေ့လို့ လူရိုင်းထင်ပြီး နေပြည်တော် ခေါ်သွားပါသတဲ့။ (အရည်းကြီးတွေက နက်ပြာရောင် သင်္ကန်းဝတ်ပြီး ဆံပင် မုတ်ဆိတ် ထားကြတာကြောင့် ရှင်အရဟံရဲ့ သွင်ပြင်ဟန် ပန်က မုဆိုးမျက်စိထဲမှာ အဆန်း ဖြစ်နေတာပါ။)

အနော်ရထာမင်းကြီးက ရှင်အရဟံရဲ့ ဣနြေ္ဒကို မြင်လိုက်ရုံ နဲ့ " ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော် မြတ်ပင် ဖြစ်သည်"… လို့ ပါရမီဓာတ်ခံကြောင့် အမှန်ကို သိတော်မူပါသတဲ့။ "သင့်မြတ်ရာ နေရာကို ကြည့်၍နေ လော့"… လို့ သဘောကိုစမ်းပြီး လျှောက်လျှင် ရှင်အရဟံ လည်း ရာဇပလ္လင်ပေါ် တက်၍ နေတော်မူပါသတဲ့။ မင်းကြီး လည်း"ဤသူကား သူတော်သူမြတ် အစစ်တည်း"… လို့ နေရာယူပုံကို ကြည့်ကာ ပီတိဖြစ်တော် မူပါတယ်။

တိုတို ပြောရရင်တော့ မင်းကြီးလည်း ရှင်အရဟံနဲ့ အမေး အဖြေ ပြုလုပ်ကာ၊ ဟောကြားတဲ့ တရားတော်တွေ နာယူ ပြီး " ဝမ်းမြောက် လှပါသည်ဘုရား။ အရှင်မှတစ်ပါး အခြား ကိုးကွယ် အားထားရာ မရှိပါ။ က္ဈန်ုပ်၏ အသက်ကိုပင် ဆောက်နှင်း လှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အ တိုင်း ခံယူပါမည်ဘုရား"… လို့ လျှောက်ထားကာ ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ခဲ့ပါသတဲ့။နေပြည်တော် အရှေ့ဘက်မှာ ဇေတဝန်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းပါတယ်။ (အေဒီ ၁၂၄၃ ခုနှစ်က ရှင်အရဟံရဲ့ ကျောင်းတိုက်မှာ သံဃာတော် စာသင်သား များ နေထိုင်ရန် ကျောင်းပေါင်း နှစ်ဆယ်ရှိတယ် လို့ ကျောက်စာပုံ ၁၅၂/၆ ၌ ပါရှိပါတယ်။)

မင်းကြီးလည်း ရေကိုထမ်း၊ မိဖုရားကြီးက ဆွမ်းကိုရွက် ကာ နေ့စဉ် သွားရောက် လှူဒါန်းကြပါသတဲ့။ သာသနာ ရေးနဲ့ ပတ်သက်ပြီး လျှောက်ထား မေးမြန်းကာ (မဟာယာ န) အရည်းကြီး ခြောက်သောင်းကို လူဝတ်လဲစေပြီး အဲမောင်လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး အဖြစ် အမှု တော် ထမ်းစေပါသတဲ့။ ရှင်အရဟံလည်း သာသနာကြည် ညိုသူများအား ရဟန်းခံပေးခဲ့ရာ ထိုခေတ်က ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသံဃာပေါင်း သုံးသောင်းကျော် ရှိခဲ့ပါ ကြောင်း ဝံသဒီပနီ က ဆိုပါတယ်။ မင်းနဲ့ ဆရာ တိုင်ပင်ပြီး သာသနာ့ အညစ်အကြေးတို့ကို ဆေးကြော သုတ်သင် တော် မူခဲ့ကြပါတယ်။

အရည်းကြီးတွေက သူတို့ရဲ့ လာဘ်လာဘတွေ ဆုတ်ယုတ် ကုန်လို့ ရှင်အရဟံကို ရန်ငြိုးဖွဲ့ကြပါတယ်။ မင်းကြီး သိတော်မူတဲ့အခါ ကျောင်းဝေယျာဝစ္စ ဆောင်ရွက်ရင်း အရည်းကြီးတို့ရန်က ကာကွယ်ဘို့ အစောင့်လူတစ်ရာ ထားလှူတော် မူပါတယ်။ ရှင်အရဟံက ထိုလူများကိုလည်း ရှင်ရဟန်း ပြုပေးပြီး ပရိယတ်စာပေ တွေ သင်ကြားပေးတော် မူခဲ့ပါသတဲ့။

သက္ကရာဇ် (၄၁၉) ခုနှစ် ရောက်တဲ့အခါ ရှင်အရဟံရဲ့ တိုက် တွန်းချက်အရ ဓာတ်တော်၊ မွေတော်နဲ့ ပိဋကတ်တော်များ ပင့်ဆောင်ရန် စကားအရာ ချေငံတဲ့ အမတ်တို့ကို လက် ဆောင်ပဏ္ဏာ တွေနဲ့အတူ သထုံပြည် မနူဟာမင်းထံ စေလွှတ် ခဲ့ပါတယ်။ မနူဟာမင်းက "မိစ္ဆာဒိဌိတို့နှင့် တန်ရာ သလော"… လို့ မချေမငံ စကားပြန်တဲ့အတွက် မင်းကြီး အမျက်ဒေါသထွက်ပြီး ကျန်စစ်သား စတဲ့ သူရဲကောင်း တွေ ပါဝင်တဲ့ ကြည်း၊ ရေနှစ်တန် စစ်ခင်းပြီး သထုံပြည်ကို တိုက်ခိုက် အောင်မြင် ခဲ့ပါတယ်။ပိဋက အစုံသုံးဆယ်နဲ့ ဓာတ်တော်၊ မွေတော်တွေကို ဆင်အစီး သုံးဆယ်နဲ့ တင်၍ ပုဂံသို့ ပင့်ဆောင် လာခဲ့ကြပါတယ်။ အဲဒီပိဋကတွေကို နောင်ကာလမှာ သီဟိုဠ်( သီရိလင်္ကာ) က ရရှိတဲ့ ပိဋက တို့နဲ့ ရှင်အရဟံ ကိုယ်တိုင် တိုက်ဆိုင်တည်းဖြတ် တဲ့အခါ မကွဲမလွဲ အညီအညွတ်ပင် ရှိတယ်လို့ ဆိုပါတယ်။( သထုံ က ပိဋက ရောက်သည့်နှစ်ကို သာသနာလင်္ကာရ မှာတော့ သာသနာ ၁၆၀၁၊ ကောဇာ ၄၁၉ လို့ ဆိုထားပါတယ်။)

အဲဒီအခါက စလို့ စစ်မှန် စင်ကြယ်တဲ့ ထေရဝါဒ ဗုဒ္ဓသာသ နာတော်ကြီး ပုဂံနေပြည်တော် တစ်ဝှမ်းမှာ ပွားစီး တိုးတက် ထွန်းကား လာပါတော့တယ်။ အနော်ရထာမင်း ကြီးလည်း အရည်းကြီးတို့ရဲ့ မိစ္ဆာအမှောင်အတွင်းမှာ နေခဲ့ ကြရှာတဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော် တို့ကို သတိရ ဝမ်းနည်း ကြေကွဲပြီး ဝမ်းနည်းဝမ်းသာဖြင့် "ပါရမီ ကုသိုလ် ရစေခလို"… လို့ တ၊ ဆို မြည်တမ်းတော် မူပါသ တဲ့။

ရှင်အရဟံ အရှင်သူမြတ်ဟာ အလောင်းစညသူမင်းကြီး နန်းစံသက်(၂) နှစ်အရ၊ သက်တော်(၈၁) နှစ်မှာ ပရိနိဗ္ဗာန် ပြုတော်မူ ပါတယ်။ မင်းနဲ့ပြည်သူ အားလုံးက ခုနှစ်ရက် ပတ်လုံး ကြီးစွာ ပူဇော်ပြီး မီးသင်္ဂြိုဟ် ကြပါတယ်။ ရှင်အရဟံရဲ့ ကြွင်းကျန်တဲ့ ဓာတ်တော်များကို ရွှေတလား မှာ ထည့်သွင်းပြီး တူရွင်းတောင်ခြေမှာ ဂူတည်ထား ကိုး ကွယ်ကြပါတယ်။ ရှင်အရဟံရဲ့ ပုံကိုလည်း ထုလုပ် ကိုးကွယ် ခဲ့ကြပါတယ်။ ( ယခု ပုဂံ အာနန္ဒာဘုရား အတွင်း မှာ ရှင်အရဟံရဲ့ ပုံတော်ကို ဖူးမြော် နိုင်ပါတယ်။)

ယင်းဂူမှာ ပုဂံတည်စ မူလ ၁၉ ရွာ အပါအဝင် တောင်ပရွာ၊ အနောက်မြောက် တာ ၅၀၀ အကွာ၌ တည်ရှိတဲ့ ထီးဆောင်းဘုရား ဖြစ်တယ်လို့ ဆိုပါတယ်။(ပခုက္ကူမြို့ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဦးနန္ဒဝံသ ရေးတဲ့ ရွှေစည်း ခုံသမိုင်း ကျမ်းသစ်မှာ ပါတယ်လို့ ဆိုထားပါတယ်။ ) ကျန်စစ်သား မင်းကြီးရဲ့ နန်းတော် မွန်ကျောက်စာမှာ လည်း ၄၆၃ ခုနှစ်၊ နန်းသစ်တက်ပွဲတွင် ရှင်အရဟံ ဦးစီးတဲ့ သံဃာ ၄၁၀၈ ပါးက ပရိတ်ရွတ်ပုံကို တခမ်းတနား ဖော်ပြ ထားတယ်လို့ မှတ်သား ဖတ်ရှူ ရပါတယ်။

မြန်မာ ပြည်သူပြည်သား ဗုဒ္ဓဘာသာဝင် သူတော်စင် အဆက် ဆက်ရဲ့ ကျေးဇူးရှင်၊ ဘုရားရှင်ရဲ့ သားတော်ကြီး ရှင်အရဟံ ရဟန္တာ အရှင်သူမြတ်ရဲ့ သာသနာပြု လုပ်ငန်းများနဲ့ ထေရဝါဒ ဗုဒ္ဓသာသနာ အစစ်အမှန် မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာတဲ့ သမိုင်းကြောင်းကို ဗဟုသုတ အလို့ငှာ တင်ပြခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။.

တကယ်တော့ ထေရဝါဒ ဗုဒ္ဓသာသနာ မြန်မာပြည်ကို ရောက်ရှိလာတာ နှစ်ပေါင်း (၂၆၀၀) ကျော်ခဲ့ပါပြီ။ဂေါတမ ဘုရားရှင် ဘုရားဖြစ်တော်မူကာစ ပထမဆုံး သရဏဂုံနှစ် ပါး တည်ခဲ့တဲ့ တဖုသ နဲ့ ဘလ္လိက ညီနောင်နှစ်ပါးဟာ အနောက် မဇ္ဈိမဒေသကို သင်္ဘောနဲ့ ကုန်ကူးသွားရင်း ဘုရားရှင်နဲ့တွေ့ပြီး မုန့်ဆွမ်းကပ်လို့ ပထမဆုံး သရဏဂုံ တည်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး နှစ်ဦး ဖြစ်ပါတယ်။ ( အဲဒီတုန်းက သံဃာရတနာ မပေါ်သေးလို့ ဂေါတမဘုရား ရှင်က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ သရဏဂုံ နှစ်ပါးကိုပဲ ဆောက်တည် ခိုင်းခဲ့တာပါ။)

ဘုရားရှင်က တဖုသ နဲ့ ဘလ္လိက ကုန်သည်ညီနောင် နှစ်ပါး ကို စွန့်တော်မူခဲ့တဲ့ ဆံတော်တွေကို ဥက္ကလာပမင်းကြီး ကိုယ်တော်တိုင် ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရင်ခေါင်းအ နက်ထိ ရေထဲဆင်းကာ ကြိုယူ ပင့်ဆောင်ခဲ့ပြီး ပွင့်တော်မူ ပြီးတဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားရှင်တို့ရဲ့ တောင်ဝှေးတော်၊ သင်္ကန်းတော်၊ ရေသနုပ်တော် တို့နဲ့အ တူ ဌာပနာပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ကို တည်ထား ကိုးကွယ်ခဲ့တယ် လို့ မှတ်သားဖူး ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကပဲ ရွှေတိဂုံစေတီတော် နှစ်(၂၆၀၀) ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ ပါတယ်။ ဒါကြောင့် က္ဈန်တော်တို့ မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓသာသနာ သက်တမ်းဟာ သမိုင်းကြောင်း အားဖြင့် ရှည်လျားလှပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးက အထင်အရှား ပြဆိုနေပါတယ်။

http://waiyanthiri.blogspot.com

ကူးယူကာ
ရခိုင်လူလေး ပြန်လည်မျှဝေသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...