ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄)

သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) 

ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။ အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ - ၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚ ၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚ ၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15 ၄။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚ ၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45 ၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45 ၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45 ၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45 စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။ ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။

ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။ သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာ ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to be swallowed up by the desert courses or wandering off to be swallowed up by the desert sands.) အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်” “သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။ မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်က မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။ ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။ တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍ စူးစမ်းရပေမည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ) အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော “မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။ လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road) နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။ သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ” သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.) ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။ ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.) ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.) ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။ အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။ မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁) ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည် (Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။ ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌ အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို ထူထောင်ခဲ့သည်။ တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။ 

 ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)

 သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။ မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။ တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။ ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။ ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။ အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။ အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။ ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။ အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။ ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။ မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။ ကိ။ သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။ တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။ ကူ။ မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။ ကော။ ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။ ကိ။ ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။ ကော်။ သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။ ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။ တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။ မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀) ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။ ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ လော Laos ၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။ ထိုင်း Thai ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။ ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand) ကမ်ပူးခြား (ကမ္ဘောဒီးယား) ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.) ဗီယက်နမ် ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.) ဘော်နီယို ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။ ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related) နိဂုံး ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။ တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့်မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။ ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။ စောဖော (ရန်ကုန်)

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...