မြောက်ပိုင်း မဟာမိတ်များ တိုက်ပွဲ ဖြစ်ရသည့် အကြောင်းရင်းကို တရုတ်ကိုယ်စားလှယ်အား ရှင်းပြ
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sun Guosiang (ဆွန်ကောချန်း)အား မတ်လ (၁၄) ရက်နေ့တွင် တွေ့ဆုံပြီး မကြာသေးခင်က စတင်ဖြစ်ပွားသည့် လောက်ကိုင်တိုက်ပွဲ ဖြစ်ရသည့် အကြောင်းရင်းများကို ရှင်းပြခဲ့ကြသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တရုတ် ကိုယ်စားလှယ် Mr. Sun Guosiang တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
ကူမင်းမြို့ရှိ World Trade Center တွင် တွေ့ဆုံရာတွင် မြန်မာပြည် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိ သည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပါအ၀င် ၂၁ ရာစုပင်လုံညီလာခံနှင့် NCA အကြောင်း များကို ဆွေးနွေးခဲ့ကြသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများရပ်တန့်ရေးနှင့် ပန်ခမ်း(ပန်ဆန်း)အစည်းအဝေးနှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် အခြားအကြောင်းအရာများကိုပါ ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ပြောသည်။
တရုတ်ကိုယ်စားလှယ် မစ္စတာ ဆွန်ကောချန်း နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည့် အခြေအနေနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ ကိုယ်စား ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ရက္ခိုင့်တပ်မတော် (ULA/AA) အဖွဲ့၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်ကို သတင်း နှင့်မီဒီယာ ကွန်ရက် မှ ဆက်သွယ် မေးမြန်းထားပါသည်။
မေး – မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်သွားတွေ့တဲ့ အခြေအနေလေး သိချင်လို့ပါ ခင်ဗျား။
ဒေါက်တာ ညိုထွန်းအောင် – ကျနော်တို့ မနေ့က မတ်လ ၁၄ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကောချန်းရဲ့ ဖိတ်ကြားမှုနဲ့အတူ ကျနော်တို့ မဟာမိတ် ၄ ဖွဲ့ရယ် ၊UWSA အဖွဲ့ ရယ် တရုတ်နိုင်ငံမှာတွေ့တယ်။ အဲလိုမျိုးတွေ့တဲ့အချိန်မှာ UWSA ကိုတော့ ၊သူတို့ကိုတော့ မစ္စတာ ဆွန်းကောချန်းက သီးသန့်တွေ့ပြီးတော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့ကိုတော့ အတူတူတွေ့တာရှိတယ်။ အဲလိုမျိုးတွေ့ဆုံတဲ့အချိန်မှာ အဓိကကတော့ လက်ရှိ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိုးကန့်ဒေသ၊ ဟုန်အိုင်၊ လောက်ကိုင် အဲဒီဖက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ပြောတာတွေရယ်၊ပြီးရင် ဒီတိုက်ပွဲအရှိန်လျှော့ချဖို့ရယ်၊ ၂၁-ရာစု ပင်လုံကို တက်ဖို့ /မတက်ဖို့ရယ်၊ ပြီးရင် တခြားအကြောင်းအရာတွေပေါ့နော။ ဒီပန်ခမ်းအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ အခြေအနေတွေ ပြီးရင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သူမေးတဲ့ အထဲမှာ တစ်ခုကတော့ ဒီမုံးကိုးလိုမျိုး နောက်ထပ်တိုက်ဖို့ အစီအစဉ်ရှိသလားဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးခဲ့ ကြပါတယ်။
မေး – တရုတ်ကိုယ်စားလှယ်နဲ့တွေ့တော့ တရုတ်ကိုယ်စားလှယ်က မေးတယ်ပေါ့နော။ထူးခြားတဲ့ အချက်အနေနဲ့ မုံးကိုးလိုမျိုးတိုက်ပွဲတွေ ဖော်ဆောင်ဖို့ရှိလားလို့ မေးတဲ့အချိန်မှာ မြောက်ပိုင်း မဟာမိတ်အနေနဲ့ ဘယ်လိုပြန်ပြီးတော့ ဖြေကြားခဲ့သလဲခင်ဗျာ။
ဒေါက်တာညိုထွန်းအောင် – ကျနော်တို့ကတော မရှိသေးဘူးပေါ့ခင်ဗျာ။ အဲလိုမျိုးပဲ ဖြေခဲ့တယ်ခင်ဗျာ။
မေး – မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ NCA လက်မှတ်ထိုးဖို့ ကိစ္စတွေရော၊ တိုက်ပွဲလျှော့ချဖို့ကိစ္စတွေရော၊ ပြီးတော့ လက်ရှိ နိုင်ငံရေး ပဋိပက္ခ အခြေအနေတွေကို ဘယ်လိုများ ပြန်ပြီးဆွေး နွေးခဲ့ပါသလဲ။
ဒေါက်တာ ညိုထွန်းအောင် – ကျနော်တို့ အနေနဲ့ကတော့ တိုက်ပွဲအရှိန်လျှော့ချရေးနဲ့ ပတ်သက်ပြီးတော့ ဒါကတော့ တိုက်ပွဲဘာကြောင့် လက်ရှိဖြစ်ရတာလဲဆိုတာမျိုးကို အဓိကရှင်းပြတယ်။ အခုဒီ မတ် ၆ ရက်နေ့မှာဖြစ်ခဲ့တဲ့ ဒီလောက်ကိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ဟာမျိုးကို ကိုးကန့်က ပထမဆုံးရှင်း
ပြတယ်။တစ်ခြားမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ အနေနဲ့ကလည်း အဲဒီအပေါ်မှာတော့ အတူတူပဲပေါ့နော။ အဓိကကတော့ ဒီ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ တအားများ လာတဲ့အချိန်မှာ ကျနော်တို့အနေနဲ့က ဒါကမလွှဲမရှောင်သာ အနေအထား တစ်ခုနဲ့ စုဖွဲ့ခုခံခဲ့ကြတယ်။တအားကြီး ဒီလိုမျိုးပိတ်ဆို့မှုတွေ ကထွက်ပေါက်မရှိအောင် (ဖြစ်စေပြီး) ထိုးစစ်တွေဆင်နေတယ်။ ဆိုတော့ ဒီလိုမျိုးအနေအထားမှာ ထွက်ပါက်တစ်ခုအနေနဲ့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးကို အဓိကထားရှင်းပြတယ်။ ဒါကတော့ ဒီ တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ ။နောက်တစ်ခုကတော့ ဒီ ၂၁ ရာစုပင်လုံကိစ္စကျတော့ ခင်များတို့ အဖွဲ့တွေကို ဖိတ်ထားတာရှိသလား။ ဘယ်လိုအခြေအနေမျိုးဆိုတော့ လက်ရှိ အနေအထားမှာတော့ ကျနော်တို့ကို အစိုးရဖက်က တစ်စုံတစ်ရာလည်း ပြောဆိုထားတာ မရှိသလို ဖိတ်ကြား ထားတာကမရှိဘူးဆိုတော့ ဒါက ပြောဖို့လည်းစောသေးတယ်။ ကျနော်တို့ ကတော့ ဖိတ်ထားတာလည်း မရှိဘူးပေါ့နော။ အဲလိုမျိုး ပြောခဲ့တယ်။ နောက်ပြီးတော့ တိုက်ပွဲအရှိန် လျှော့ချရေးနဲ့ ပတ်သက်ပြီးတော့က ကျနော်တို့အနေနဲ့ လည်း ဒီငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ ပုံစံမျိုးရယ် တိုက်ပွဲအနေအထားက ကျနော်တို့လည်း မဖြစ်ချင်ဘူး။ ဒါပေမဲ့ မလွှဲမရှောင်သာလို့ ကျနော်ခုနက ပြောခဲ့သလိုမျိုး ဖြစ်လာရတယ် ဆိုတဲ့ဟာမျိုးရယ်။ ပြီးတော့ မစ္စတာ ဆွန်ကောချန်း အနေနဲ့ကတော့ သူကတော့ လွန်ခဲ့တဲ့ ရက် ဖေဖော်ဝါရီ ၂၈ ရက်ကနေ သူ မတ်လ ၃ ရက်မှာ နေပြည်တော်ကို သွားပြီးတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ရယ် ပြီး ရင် ဒေါ်အောင်ဆန်းစုကြည်တို့ရယ် ပြီးရင် ဒေါက်တာ တင်မျိုးဝင်းတို့နဲ့ တွေ့ခဲ့တယ်။ ဆိုတဲ့ အနေအထား နဲ့ ပတ်သက်ပြီးတော့လည်း သူက အဲဒီဖက်ကို သူတို့နဲ့ ဘာတွေပြောခဲ့တယ် ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ကို ပြန်ရှင်းပြတာရှိတယ်ခင်ဗျ။
မေး – NCA လက်မှတ်ထိုးဖို့ မထိုးဖို့နဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောဖြစ်တာရှိပါသလဲ။
ဒေါက်တာ ညိုထွန်းအောင် – NCA နဲ့ ပတ်သက်ပြီးတော့ကျနော်တို့ကတော့ လွန်ခဲ့တဲ့ ပန်ဆန်းအစည်းအဝေး ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ ရပ်တည်ပြီးတော့ အလုပ်လုပ်မယ်။ ပန်ဆန်းရဲ့ ရပ်တည်ချက်နဲ့ အတူတူ ခရီးဆက်မယ်ဆိုတဲ့ ပုံစံမျိုးကိုပဲပြောဖြစ်ပါတယ်။
မေး – မြန်မာအစိုးရနဲ့ တရုတ်ကိုယ်စားလှယ်တွေ့ဆုံမှုတွေ အပေါ်မှာ တရုတ်ကိုယ်စားလှယ်က ရှင်းပြတာမျိုးရှိသလားခင်ဗျ။
ဒေါက်တာ ညိုထွန်းအောင် – ဒေါက်တာ တင်မျိုးဝင်းတို့နဲ့ တွေ့တဲ့အချိန်မှာတော့မပြောတတ်ဘူး။ ကာချုပ်တို့နဲ့ တွေ့တဲ့အချိန်မှာတော့ ဒီ အစိုးရ ၊ကာချုပ် မင်းအောင်လှိုင်ရော ဒေါ်အောင်ဆန်းစုကြည်တို့ဖက်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ပုံစံမျိုးတွပြတယ်။ ပြီးတော့ သူတို့အနေနဲ့ကလည်း တပ်မတော်ကို လာမတိုက်ဘူး ဆိုရင်လည်း တပ်မတော်က ပြန်ပြီးတော့မတိုက်ဘူးပေါ့။ ကျနော်တို့ဖက်က ပြန်တိုက်လို့ ဖြစ်ရတယ် ဆိုတဲ့ပုံစံမျိုး ကျနော်တို့ကလည်း ပြန်ပြီးတော့ပြောပါတယ်။ အခုလက်ရှိ လတ်တ လော မျက်မြင်အချိန်ကာလထဲမှာ ဆိုရင်ပေါ့နော ဥပမာ-သူတို့ပြောတဲ့ နိုဝင်ဘာ ၂၀ ကိစ္စတို့ ပြီးရင် မတ်လ ၆ ရက် ကိစ္စတို့ဆိုတဲ့ဟာမျိုးဟာ ဒါက အခုမှ ဖြစ်လာတဲ့ ကိစ္စ ဆိုပေမယ့် နှစ်ပေါင်း ၆၀ ကာလ အချိန်ထဲမှာ ကျနော်တို့ တိုင်းရင်းသားတွေပေါ်မှာ တစ်ချိန်လုံး အစိုးရ အဆက်ဆက် တပ်မတော်တွေက တစ်ချိန်လုံး ထိုးစစ်ဆင်နေတဲ့ အနေအထားကြောင့် နောက်ဆက်တွဲဖြစ်တာ။ပြီးရင် နိုဝင်ဘာ ၂၀၊ မတ် ၆ ဆိုတဲ့ ကိစ္စမျိုး တွေကလည်း ကျနော်တို့ အပေါ်မှာ တအားကြီး ထိုးစစ်ဆင်လာတဲ့အတွက် ဖြစ်ရတယ်ဆိုတဲ့ ပုံစဲမျိုးတွေကို ပြောဖြစ်တယ်။
မေး – မြောက်ပိုင်းမဟာမိတ်အနေနဲ့ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့တဲ့အခါမှာ တရုတ်ကိုယ်စားလှယ် ကနေ တစ်ဆင့် နိုင်ငံတော်အစိုးရကိုပဲဖြစ်ဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပဲဖြစ်ဖြစ် သွားပြောပေးဖို့ မေတ္တာရပ်ခံထားတာတွေရောရှိသေးသ လားခင်ဗျား။
ဒေါက်တာ ညိုထွန်းအောင် – ကျနော်တို့ကတော့ မေတ္တာရပ်ခံပြီးတော့ ပြောတာတွေတော့မရှိဘူး။ မစ္စတာဆွန်ကတော့ ဒီကြားထဲမှာ ခင်ဗျားတို့အနေနဲ့ အစိုးရဖက်နဲ့ တွေ့ဆုံမယ်ဆိုလို့ရှိရင် တွေ့ဆုံအောင် အတွက် လမ်းကြောင်းရှိသလား။ လမ်းကြောင်းမရှိဘူး ဆိုရင်လည်း ဒီတရုတ်တို့ မစ္စတာဆွန် အနေနဲ့ ကူညီပေးလို့ရတယ်။ အဲဒီ လမ်းကြောင်း အခြေအနေတွေကိုလည်း သူအနေနဲ့ ကြိုးစားပေးလို့ရတယ်။ တကယ်လို့ တွေ့ဆုံဖို့အတွက် အထမြောက်ပြီဆိုလို့ ရှိရင်လည်း တွေ့ဆုံမယ့်နေရာကိုသူတို့ စီစဉ်ပေးလို့ရတယ်။ တကယ်လို့ ခင်များတို့ တွေ့ဆုံဆွေးနွေးဖို့အတွက် နေရာဆိုလို့ရှိရင်လည်း သူတို့စီစဉ်ပေးလို့ရတယ် ဆိုတဲ့ပုံစံမျိုး ပြောတယ်။ ပြီးရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနဲ့လည်း သူတို့က အခုလိုမျိုး ကူညီပေးတယ် ဆိုတဲ့ဟာက ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက်ကြောင့်ရယ် ပြီးရင် အိမ်နီးနားချင်းပီသစွာနဲဆွေမျိုးပေါက်ဖော် ပီသစွာအနေနဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿ နာတွေ ဖြေရှင်းတာကို အိမ်နီးနားချင်း ပီသစွာနဲ့ လုပ်တယ်၊ ဆိုတဲ့ပုံစံမျိုးရယ် ပြီးရင် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ဖြစ်တဲ့ တခြားနိုင်ငံရဲ့ နိုင်ငံရေး၊ ပြည်တွင်းရေး ကိစ္စတွေကို ၀င်ရောက်စွတ်ဖက်တာ မဟုတ်ဘူး။ ဒါကတော့ မိတ်ဆွေကောင်း ပီသစွာနဲ့ လုပ်တယ်။ အချင်းချင်း ကြားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ ပုံစံမျိုးကို ဖြစ်စေချင်တဲ့ပုံစံမျိုးကြောင့် သူတို့က အဲလိုမျိုးပြောတယ်။မစ္စတာ ဆွန်ကတော့ ပြီးရင် ခင်ဗျားတို့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးအလံကို မြင့်မြင့်လွှင့်ပါ။ ပြီးရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး တော့ ပြဿ နာကို ပြေပြေလည်လည် ဖြစ်အောင် ဖြေရှင်းပါဆိုတဲ့ ပုံစံမျိုးကိုတိုက်တွန်းပါတယ်။
Credit :သတင်းနှင့် မီဒီယာ ကွန်ရက်။