ပလက်ဝမြို့နယ်အတွင်းက
ရှေးဟောင်းရခိုင်သမိုင်းဝင် ဥဿဿလင်းစေတီ
===========================
တတိယဓညဝတီခေတ် စန္ဒသူရိယအနွယ်တော် ခြောက်ဆက်မြောက်ဖြစ်သော သူရိယစက္ကမင်း (BC 332-278)သည် ဂေါဓမဘုရားရှင်၏ဗျာဓိအရ ရှင်မဟာတသနှင့် ဗာကုလာမထေရ် နှစ်ပါးတို့ ပေးအပ်သော ဓာတ်တော်မွေတော် ၂၄၈ဆူကို ရခိုင်ပြည်အနှံ့တည်ထားကိုးကွယ်ခဲ့သည်။
ထို့အပြင်ဥဿလင်းစေတီကို သူရိယစက္ကမင်းကပင် သာသနာသက္ကရာဇ် ၂၂၂(ဘီစီ_၃၃၂)တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။
ဥဿလင်းစေတီမှာ ရခိုင်နယ်မြေ၏ မွေတော်ငါးရပ်ဝင်စေတီလည်းဖြစ်သည်။ " မွေတော်ငါးရပ်၊ မပြတ်ဆီမီး၊ မသေစေရ "ဟု ရှေးဟောင်းကျောက်စာတချပ်တွင် ဖော်ပြပါရှိသည်။ ထိုမွေတော်ငါးရပ်မှာ ဦးရာဇ်မွေတော်၊ ကျိန်းမွေတော်၊ ဝေသာလီဘုရားမွေတော်၊ ကျောက်တော်မွေတော်၊ ဥဿလင်းမွေတော်တို့ ဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီကား ဦးခေါင်းတည်း။ မင်းပြားမြို့ ကျိန်းတောင်စေတီကား လည်ပင်းတည်း။ မြောက်ဦးမြို့ ဝေသာလီဘုရားမွေတော်ကား သည်းပွတ်တည်း။ ကျောက်တော်မြို့ ကျောက်တော်တောင်စေတီကား ကျောကုန်းတည်း။ ပလက်ဝမြို့နယ် ဥဿလင်းစေတီကား အမြီးတည်း ဟုပါရှိသည်။
ဥဿလင်းချောင်းစီးဝင်ရာ ဥဿလင်းကျေးရွာ၏ အရှေ့ဖက် ကစ္ဆပနဒီမြစ်ကမ်းစေတီတောင်ခြေကိုင်းပြင်တွင် စေတီကိုအစွဲပြု၍ စေတီကိုင်းအမည်ရှိရွာ တည်ထောင်ထားရှိသည်။ ဥဿလင်းစေတီသည် စေတီကိုင်းရွာနောက် တောင်ကုန်းပေါ်တွင်ကိန်းဝပ်သည်။
ဥာဏ်တော် ပေ ၄၀မြင့်၏ ဓာတ်တော်လေးဆူ ကိန်းဝပ်သည်။ ဝေသာလီကျောက်လှေကားခေတ် မဟာတိုင်းစန္ဒြားမင်း(အေဒီ ၃၂၇-၃၈၄)လက်ထက်တကြိမ် လေးမြို့ခေတ် ဿရာဇာမင်း လက်ထက်တစ်ကြိမ် မြောက်ဦးခေတ် မင်းစောမွန်(အေဒီ ၁၃၄၀-၁၄၃၃) လက်ထက်တကြိမ်နှင့် မင်းဖလောင်း လက်ထက်တွင်တကြိမ် အသီးသီးမွမ်းမံပြုပြင်ခဲ့သည်။
ဤသို့သော သမိုင်းအထောက်အထားအရ ရခိုင်သမိုင်းခေတ်တလျှောက်လုံးမှ အထက်တွင်ဖော်ပြခဲ့သော မင်းများသည် နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်၌ မွေတော်ငါးရပ်ကို အဓိဌာန်ဝင်ပြီး ပူဇော်ခဲ့ကြလေသည်။ နောက်ဆုံးတွင် ဥဿလင်းစေတီ၌ ကိုးရက် သို့မဟုတ် ၄၅ရက်ဥပုတ်ဆောင်ဝင်၍ အောင်မြေနင်းကြလေသည်။
ရခိုင်သမိုင်းဝင် ဥဿလင်းဖြစ်တည်ခဲ့ပုံမှာ
ရခိုင်ဒေသသို့ ရှေးဦးရခိုင်သားများဝင်ရောက်လာမှုနှင့်စပ်လျဉ်း၍ အသျှင်စက္ကိန္ဒ၏ ရခိုင်ပုံသေဝတ္ထုများ ပထမတွဲစာအုပ်တွင် မဇ္ဈီမဒေသ မာလရာဇ်တိုင်း မာဃဒေဝမင်း၏မြေးတော် သာဂရဒေဝမင်းနှင့် လူသူအမြောက်အမြားပါဝင်သည့် ရခိုင်ရှေးဦးလူသားများသည် ကစ္ဆပနဒီမြစ်ဖျားမှ ဝင်ရောက်လာခဲ့ပြီး မြစ်ညှာတွင်အခြေချခဲ့ဖူးစဉ် မြစ်၏လက်ဝဲဖက်ချိုင့်ဝှမ်းတွင် မြို့ပြတည်ထောင်နေခဲ့သည်ဟုဆိုသည်။
ထိုတိုင်းပြည်ကို ရက္ခပူရတိုင်း မြို့တော်ကို ဥတ္တရမဓူမြို့ ဟုခေါ်တွင်ခဲ့သည်။ ဤ ဥတ္တရမဓူမြို့ကိုပင် နောင်အခါ ဥဿလင်းမြို့ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
ဤမွေတော်ငါးရပ်ကိုပြုစုရန် ဦးရာဇ်တောင်စေတီကို ဗုဒ္ဓဟူးသား၊ ကျိန်းတောင်စေဆီကို ကြာသပတေးသား၊ ဝေသာလီကို အင်္ဂါသား၊ ဥဿလင်းစေတီကို တနင်္လာသားတို့က အကြီးအမှူးပြု၍ ထီး တံခွန် ဆီမီး ပေါက်ပေါက်တို့ဖြင့် အမြဲမပြတ်ပူဇော်နိုင်မှသာလျှင် ရခိုင်ပြည်တွင်းရှိ မင်း မှူးမတ် ပြည်သူပြည်သားတို့ ဘုန်းကြီးသက်ရှည်စေနိုင်သည့် အကျိုးရရှိလိမ့်မည်ဟုပါရှိသည်။
အချို့က ဥဿလင်းစေတီကို ကဿပဘုရားရှင်လက်ထက်က အောင်သလင်းစေတီဟုခေါ်ထွင်ခဲ့ကြောင်း၊ ရှေးရခိုင်မင်းများ စစ်ချီရာတွင် စစ်နိုင်ပါက ဤနေရာတွင် ဘုရားတည်မည်ဟု ကတိသစ္စာပြု၍ အောင်မြေနင်းပြီး တိုက်ခိုက်ခဲ့ရာ ခုနှစ်ရက်အတွင်းအနိုင်ရခဲ့ကြောင်း အပြန်တွင် စေတီတည်ထားခြင်းဖြစ်ကြောင်း နောင်တွင် ဥဿလင်းမြို့ဟောင်းနှင့် ဥဿလင်းချောင်းစီးဝင်ရာ ကစ္ဆပနဒီအရှေ့ဖက် တောင်ကုန်းပေါ်တွင်တည်ရှိသည်ကို အစွဲပြု၍ ဥဿလင်းစေတီဟုလည်း ခေါ်တွင်ကြောင်းပါရှိသည်။
ယင်းဥဿလင်းစေတီတော်ကို ၁၉၉၂-၉၃ခုနှစ်တွင်ပြန်လည်မွမ်းမံ ခဲ့ပြီး ယခုအခါ ဆီမီးရောင်ဝါတထိန်ထိန်ဖြင့် ဓာတ်တော်ရောင်ခြည်သည်ပင် ကွန်းမြူးလျှက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မောင်မောင်ကျော့(ပလက်ဝ)
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...

No comments:
Post a Comment