ALP ဥက္ကဌ ခိုင်ရဲခိုင်
ALP ဥက္ကဌ ခိုင်ရဲခိုင်ကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားငံကန်ကျေးရွာမှာ ဦးဒုံးကုလားနှင့် ဒေါ်မလှစိန်တို့မှ မွေးဖွားခဲ့သည်။ နာမည်အရင်းမှာ ဦးကောင်းစံဦးဖြစ်သည်။ ၁၉၄၀ ခုနှစ် မေလ ၁၄ တွင် မွေးဖွားခဲ့သည်။ မွေးချင်း ညီအစ်ကို မောင်နှမ (၈)ယောက်အနက် သားကြီးသြရသဖြစ်သည်။ ငယ်စဉ်က ဆားငံကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးထံတွင် ကိုရင် စန္ဒသာရအမည်ဖြင့် ကိုယ်ရင် ၀တ်ဆင်ပြီး ပညာသင်ယူခဲ့သည်။ လေးမြို့ချောင်းထဲရှိ င/ပဂွကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းဆရာတော်ထံတွင် ကိုရင်ဘ၀ဖြင့် ပညာသင်ယူခဲ့သည်။ ကိုယ်ရင်ကြီးဘ၀ဖြင့် အကြီးတန်းထိ အောင်မြင်ခဲ့ပြီး လူ့ဘ၀ဖြင့် ဆယ်တန်းပညာကို သင်ယူခဲ့သည်။ ဆယ်တန်းပညာကို သင်ယူနေစဉ်တွင် ခိုင်မိုးလင်းတို့နှင့် တွေ့ဆုံပြီး ဖိနှိပ်အုပ်ချုပ်မှုတို့ကို တွန်းလှန်ဖို့ ဖြစ်လာခဲ့သည်။
ခန္ဓာကိုယ်ပေါ့ပေါ့ပါးဖြင့် လူခန့်တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ တက်လာပြီး သမိုင်းရှိ အနောက်အုတ်ကျောင်းတွင် လူ့ဘ၀ဖြင့် နေထိုင်ခဲ့ပြီး ပညာသင်ယူခဲ့သည်။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အုတ်ကျင်းအမှတ် (၁၅)ရပ်ကွက်၊ သိပ္ပမဉ္ဇူ ရခိုင်ဘုန်းတော်ကြီးကျောင်းတွင် မျိုးချစ်လူငယ်များနှင့် ရဟန်းငယ်တစ်စုမှ ၁၉၆၇ ခု ဧပြီလ (၉)ရက်နေ့တွင် လျို့ဝှက်စွာဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို ဖွဲ့စည်းရာတွင် ခိုင်မိုးလင်းတို့နှ့င့်အတူ ပါဝင်ခဲ့သည်။ စစ်အစိုးရကို တော်လှန်ဖို့ ကြိုးစားရင်း စစ်တွေမြို့၊ တန်းခိုးကျောင်းမှ အနောက်တိုင်းစစ်ဌာချုပ်ကို သိမ်းဖို့အတွက် ကြိုးစားရာတွင် အဖမ်းခံရသည်။ စစ်တွေမြို့ထောင်တွင် ၃ နှစ် ကျခဲ့သည်။
ရန်ကုန်မြို့တွင် နေထိုင်ချိန်တွင် ညီအစ်ကို နှစ်ဦးတို့သည့် အနောက်အုတ်ကျောင်းတွင် ဂုန်ချော်စက်ရုံအလုပ်ပြီး ရသမျှ ပိုက်ဆံဖြင့် အိမ်ရာဝယ်ပြီး ထိုအိမ်မှာပင် တော်လှန်ရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ညီအစ်ကိုနှစ်ဦး လမ်းခွဲကြသည်။ ထို့နောက်မှ စတင်ပြီး ခိုင်ရဲခိုင်မှာ အိမ်မှ လုံးဝ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် မိဘထံမှ ရရှိခဲ့သည့် အမွေးကိုတောင် စွန့်လွှတ်ပြီး တော်လှန်ရေးအတွက်သာ အသုံးချခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ထောင်က လွှတ်မြောက်လာပြီးနောက်နောက် ခိုင်မိုးလင်းတို့ ရှိရာ KNU ဌာနသို့ ထွက်ခွါလာပြီး လူ ၇၀ ဦးတို့ဖြင့် စစ်သင်တန်းတက်ရောက်ခဲ့သည်။ ALP ပါတီကို ဒုတိယအကြိမ်ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ခိုင်မိုးလင်းမှ တာဝန်ယူခဲ့ပြီး ခိုင်ရဲခိုင်မှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကရင်ပြည်နယ်တွင် ၂ နှစ်ခန့် စစ်သင်တန်းတက်ခြင်း၊ စစ်ပွဲများတွင် ပါဝင်ဆင်နွဲပြီးနောက် ၁၉၇၆ ခုနှစ်တွင် ကရင်ပြည်နယ်မှ ရခိုင်ပြည်ထိ ခရီးရှည်ချီးတက်ခဲ့သည့် `မိုးလင်းရာဇာ´စစ်ကြောင်းတွင် ပါဝင်ခဲ့သည်။ လမ်းတစ်လျောက်ချီတက်ရာတွင် နောက်ဆုံး ကလေးမြို့တွင် ဦးနေ၀င်းအစိုးရထံတွင် ဒုတိယအကြိမ်း ဖမ်းဆီခံခဲ့ရသည်။ ကလေးမြို့၊ ခလရ(၈၉)မှ ပုဒ်မ ၁၂၂၊ ၁၊ ၂ တို့ဖြင့် စွဲချက်တင်ကာ သေဒဏ်ချမှတ်ပြီး မန္တလေးအကျဉ်းထောင်သို့ ပို့ခဲ့သည်။ ၁၉၈၀ ခုနှစ်ပြည့် သံဃာ့အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အသက်ဘေးမှ သီသီကလေး လွှတ်မြောက်ခဲ့ရသည်။ ထောင်မှ လွတ်မြောက်လာချိန်တွင်လည်း တော်လှန်ရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် တတိယအကြိမ် KNU နယ်မြေမှာပင် ALP ကို ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်တို့နှင့်တွဲဖက်ကာ ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်ထိ ALP ပါတီတွင် ဥက္ကဌနေရာကို တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရခိုင်ပြည်၏ လက်နက်ကိုင်တော်လှန်ရေးကို မပြတ်တမ်း အသက်နှင့် ခန္ဓာရှိသမျှ ပေးဆပ်နေခဲ့သည့် သက်တော်ရှည်တော်လှန်ရေးသမားတစ်ဦးဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ALP ပါတီသည် အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး စစ်တွေမြို့တွင် ပြည်သူများနှင့် ထိတွေ့ခဲ့သည်။ သို့ရာတွင် ယနေ့အချိန်ထိ ဥက္ကဌ ခိုင်ရဲခိုင်မှာ ရခိုင်ပြည်သို့ ပြန်လာမဘဲ ပြည်သူကို ကတိပေးခဲ့သည့်အတိုင်း လွတ်လပ်ရေးရမှ ပြန်လာမည်ဟု ပြောခဲ့ဖူးသည်။
ယခုအခါ အိန္ဒိယ-ရခိုင်နယ်စပ် ALP ဗဟိုဌာနချုပ်ရှိရာတွင် နေထိုင်လျက် တစ်ကိုယ်တည်း လူပျိုကြီးဘ၀ဖြင့် ရခိုင်ပြည်လက်နက်ကိုင်တော်လှန်ရေးကို တစိုက်မတ်မတ်ကိုင်စွဲကာ တော်လှန် တိုက်ပွဲဝင်လျက်ရှိသည်။
ညီအစ်ကိုမောင်နှမများမှာ - ဦးမောင်လုံး၊ မောင်နီ၊ မောင်ရဲဂျာ၊ မကြီး၊ ခြာဒေါင်၊ သိန်းနု၊ အေးကြည်
ဝေဟင်အောင်
၁၀၊ ၁၊ ၂၀၁၇။
(ကျွန်တော်လက်ရှိ ရေးသားနေသည့် `ရခိုင်တို့၏ နိုင်ငံရေး´စာအုပ်တွင် ဖော်ပြပေးနိုင်ရန်အတွက် သက်ရှိထင်ရှား ရခိုင့်ခေါင်းဆောင်များကို ဖော်ပြရာတွင် အသုံးပြုနိုင်ဖို့ ရေးသားထားခြင်းဖြစ်သည်။ များမကြာမှီ စာအုပ်အဖြစ် ထွက်ရှိလာပါမည်။)
Comments
Post a Comment