၂၀၁၇ ဖေဖော်ဝါရီ ၃
#၂၀၁၇ဖေဖော်ဝါရီ
မိမိလူမျိုးအခွင့်အရေးပြန်လည်ရရှိရေးနှင့်ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်ပေါက်ရေးအတွက်ဖြစ်ပွားနေသည့်တိုက်ပွဲဇုန်အတွင်းသို့သူမသည်သူမ၏နဂိုအလှနှင့်အတူ သွေးသံရဲရဲဖြင့်သတ္တိရှိရှိဝင်ရောက်လာခဲ့သည်။ သွေးထွက်နေသောနှုတ်ခမ်းကြားမှ အားတင်းပြုံးပြနှုတ်ဆက်ကာ “သာလီစွပါ” ဟုရိုးရာမပျက်နှုတ်ဆက်လိုက်သည်။ သူမသည်ဇန်နဝါရီ (၃၁) ကို အနားသတ်မျဉ်းပိတ်ထားနိုင်ခဲ့သော်လည်းလက်နက်ကြီးကျည်ဆံများက သူမနောက်မှထပ်ချပ်မကွာလိုက်ပါလာသေးသည်။
ပုံသေပစ်မှတ်ကျည်လမ်းကြောင်းများကိုရှောင်တိမ်းရင်းမရိုးနိုင်သောတိုက်ပွဲကြားမှသူမအဖို့ ယခုနှစ်သည် ထိုးစစ်ဒဏ်ကိုအလူးအလဲခံရဖွယ်ရှိနေသလို ပြန်လည်ခုခံတိုက်ခိုက်မှုအကြားတွင် အပျိုရည်ပျက်ကိန်းရှိနေသည်ကိုသူမကိုယ်တိုင်သာသိနေသည်။ သို့သော် သူမသည် ကျနော်တို့အားလုံးသူအတွက် ကံကောင်းခြင်းလက်ဆောင်ကို (Half-sided messenger bag)ဟတ်ဖ်ဆိုဒ်အိတ်ထဲတွင်ထည့်ပြီးအပါယူဆောင်လာနိုင်ခဲ့သည်။
ဇန်နဝါရီသည် “တိုက်ပွဲမရှိသည့်နေ့ရက်မရှိ”ဟူသောဂုဏ်ပုဒ်ဖြင့်ဆုတံဆိပ်အလီလီဆွတ်ခူးခဲ့ပြီဖြစ်သည်။ သူမအဖို့ ယခုနှစ်ကံကောင်းသည်မှာ ရက်ထပ်နှစ်ဖြစ်မနေသောကြောင့်ဖြစ်သည်။ ရက်ထပ်နှစ်မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။ တော်သေးသည်။ ယခုနှစ်သည် နှစ်ဆယ့်ရှစ်ရက်သာရှိနေခွင့်ရသောကြောင့် သူမအတွက်တိုက်ပွဲများမှာ နှစ်ဆယ့်ရှစ်ရက်သာရှိနိုင်သည်။
သူမ၏ပထမဆုံးအဝင်နေ့ရက်၌ ရက္ခိုင့်တပ်မတော်၏တပ်မှူး၊စစ်သည်စစ်မယ်များ၏စိတ်၊ခန္ဓာကျန်းမာရေးစစ်ဆေးမှုများက Best အဆင့်တွင်ရှိနေသည်။ ရဲဘော်အားလုံးသည် ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးများအတွက်မဟာမိတ်များနှင့်အတူတာဝန်ထမ်းဆောင်ခွင့်ရရှိနေခြင်းကိုဂုဏ်ယူနေကြသလို ရက္ခိုင့်တပ်မတော် (Arakan Army) ၏သမိုင်းစာမျက်နှာများကိုတစ်ရက်ပြီးတစ်ရက်၊ တစ်ရွက်ပြီး တစ်ရွက်ရေးထိုးခွင့်ရရှိနေကြခြင်းကိုဝမ်းမြောက်ဂုဏ်ယူနေကြသည်။ ဆက်လက်၍ လည်းရေးထိုးနေကြအုံးမည်သာဖြစ်သည်။
အသစ်ရောက်ရှိလာမည့်ရဲဘော်သစ်များကို စောင့်ကြိုနေသလို တာဝန်ထမ်းဆောင်နေကြသော ရဲဘော်ရဲဖက်များအကြား စည်းလုံးညီညွတ်မှုစည်းနှောင်းအား ကိုသုံးလွန်းတင်ကြိုးအဖြစ်ကျစ်လျက် နှစ်သစ်မှတ်တိုင်များကို တစ်တိုင်ပြီးတစ်တိုင်စိုက်ထူနေသည်။ ဝမ်းခေါင်းလှရခိုင်အီးယောင်များမှ မွေးဖွားပေးလိုက်သူများနှင့်သူမအတူတွေ့ဆုံခွင့်ရခြင်း၊တာဝန်ထမ်းဆောင်ခွင့်ရခြင်းမှာ ရခိုင်လူမျိုးတို့၏ ပစ္စုပ္ပန်သမိုင်းဖြစ်သလို ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်ပေါက်ရန် မဝေးတော့ပြီဟု အချက်ပေးနေသလို။ ဒိုင်း…ဒိုင်း…ဒိုင်း။
မကြာမီကာလ၌ အေအေတိုက်ခိုက်ရေးစစ်သည်အင်အား "၁၀၀၀၀" (စာဖြင့်-တစ်သောင်း")ရှိနေလိမ့်မည်ဟူသော "အတွင်းရေး"ကို သူမအပါအဝင်သူမနှင့် အပေါင်းအပါများကကောင်းစွာသိနေသည်။ ဤကိစ္စအားအကောင်အထည်ဖော်ရန် နှင့်ပါဝင်ခွင့်ရရန်ရခိုင်လူမျိုးတိုင်းတွင် အခွင့်အရေးရှိနေမှန်းကိုလည်းသူမကောင်းစွာသိနေသည်။ ပူးပေါင်းပါဝင်ကြရန်ကိုလည်းသူမ၏သိစိတ်မှ တိုက်တွန်းနေသည်။
ရက္ခိုင့်တပ်မတော် စစ်သည်/စစ်မယ်များနှင့်သူမအကြားတွင်ပုံပြင်များစွာရှိခဲ့ပြီးဖြစ်သည်။ သူမနှင့်အတူတိုက်ပွဲများစွာတွေ့ကြုံခဲ့ပြီးဖြစ်သည်။ သူမ၏အေးချမ်းသည့်အရိပ်တွင်ကောင်းစွာအိပ်ပျော်နေကြသူများ၊သူမမွေးဖွားပေးလိုက်သည့် သူရဲကောင်း စစ်သည်တော်များ၊ သူမအပေါ်သစ္စာဖောက်သွားကြသူများ၊ များစွာ၊ များစွာ ပုံစံမတူသူများကို သူမအနေဖြင့်တွေ့ခဲ့ပြီးဖြစ်သည်။
ကျနော်တို့အဖို့အေအေကိုဖွေးဖွားပြီး သူမအားရှစ်ကြိမ် မြောက်တွေ့ခွင့်ရခြင်းဖြစ်သည်။ သတိထားမိသလောက် သူမသည်အပြောင်းအလဲမရှိသလောက်ပင်။ သူမအပြောင်းအလဲမရှိသလိုကျနော်တို့သည်လည်း အပြောင်းအလဲမရှိပေ။ ရက္ခိတလမ်းစဉ်အားအကောင်အထည်မပေါ်သရွေ့ရက္ခိတလမ်းစဉ်အကောင်အထည်ပေါ်အောင်တော်လှန်ရေးလမ်းကြောင်းပေါ်တွင်ကျနော်တို့သည်သူမနှင့်အတူရှိနေကြမည်ဖြစ်သည်။
အမြောက်သံ၊ဗုံးသံ၊တိုက်လေယာဉ်ပေါ်မှကျဲလိုက်သောဗုံးပေါက်ကွဲသံအကြားတွင် ရက္ခိုင့်တပ်မတော်ဘတ်တံဆိပ်ကိုဝတ်ဆင်ထားသည့်မြောက်ပိုင်းမဟာမိတ်ရဲဘော်များ၏တာဝန်တိုးမြှင့်ပွဲတွင်သူမသည်ကျနော်တို့နှင့်အတူရှိနေခဲ့သည်။ ထို့အပြင်စစ်မျက်နှာအစုံသို့ ကျူးကျော်တက်လာနေကြသော ရန်သူများကိုအမြစ်ပြုတ်ချေမှုန်းရန် ဆက်သွယ်ရေးမြောင်းထဲတွင်ကျနော်တို့သည်လည်းသူမနှင့်အတူအသင့်အနေအထားဖြင့် ပစ်မိန့်ကိုစောင့်ဆိုင်းနေသည်။
ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၁၇ ဖေဖော်ဝါရီလ (၃) ရက်
Comments
Post a Comment