ရွှေဆံတော်စေတီတော်မြတ်သမိုင်း

မဟိသကရက္ခပူရတိုင်း ဓညဝတီ ရခိုင်ထီးနန်းကို ကောဇာသက္ကရာဇ် (၂၁၄) ခုနှစ်၊  ဘီစီ (၃၁၆) ခုနှစ်တွင် စိုးစံတော်မူသော သူရိယစက္ကမင်းနှင့် မိဘုရား(ရုစိတာဒေဝီ)တို့သည် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည် ဘုရင်သီရိဓမ္မာသောကမင်းကြီးနှင့် ထီးနန်းစိုးပြိုင်ဘက် အကြည်တော်ချင်းဖြစ်လေသည်။

ဓညဝတီ သူရိယစက္ကမင်းကြီး ထီးနန်းစိုးစံသောကာလ သာသနာသက္ကရာဇ် (၂၁၄) မှ ၂၅၈) ခုနှစ်၊ ဘီစီ (၃၁၆ မှ ၂၇၂) ခုနှစ်ကာလဝယ် အရှင်မဟာရေဝ၊ အရှင်တိဿမထေရ်တို့အား (အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်တို့မြတ်)မှ ဘုရားဗျာဒိတ်တော်အရ စေတီတည်ထားရန် ဓာတ်တော် (၂၄၆) ဆိုတို့ကို ပေးအပ်၍  ပင့်ဆောင်ယူခဲ့လေသည်။

ထိုဓာတ်တော် (၂၄၆)ဆူတို့အား သူရိယစက္ကမင်းအား ဘုရားဗျာဒိတ်စကား အမှာစာများနှင့်တကွ

 ပေးအပ်လေသောအခါ ဘုရင်မင်းမြတ်သည်များစွာနှစ်ထောင်းအားရတော်မူပြီးလေသော် ဓာတ်တော်များနှင့် နေရာဒေသတောတောင်တို့ကိုသတ်မှတ်စလျက် တစ်ဆင့်ခံအုပ်ချုပ်နေကြသော လက်အောက်ခံ ဘုရင်မင်းများနှင့် မှူးမတ်အပေါင်းတို့အား စေလွှတ်တော်မူလေတော့သည်။

ထိုအခါ ဘုရားဓာတ်တော်မွေတော်များနှင့်တကွ စာသဝဏ်လွှာကို ရရှိလေသော ဒွါရာဝတီသံတွဲမြို့စား ဓမ္မသူရအမတ်ကြီးနှင့် နန်းတွင်းသူအပေါင်းတို့သည် များစွာဝမ်းမြောက်တော်မူလေပြီးသော်

 မြတ်စွာဘုရားရှင်ဗျာဒိတ်ထေားခဲ့သော(မဏိကေသ) တောင်တော်၌ (ဆံတော်ဓာတ်စေတီ)တော်ကို တည်ထားတော်မူလေတော့သည်။ ထိုနည်းအတူ (ဗုဒ္ဓအံတော်၊ နံတော်ဓာတ်)တော်တို့အားလည်း ဘုရားရှင်ဗျာဒိတ်ထားခဲ့သောတောင်တို့တွင် ဌာပနာလျှက် စေတီတည်ထားပူဇော်တော်မူလေတော့သည်။

မြတ်စွာဘုရားသည် ဗာသုတောင်တော်၌ ရပ်တန့်တော်မူပြီး လက်ညှိုးညွှန်ခါ ဗျာဒိတ်စကားမြွက်ကြားလေခြင်းကား (ချစ်သား သာရိပုတ္တရာ၊ ရှေ့၌မြင်သော (ရောဟကုဋတောင်)မှ အရှေ့တာင်ဘက် (တစ်ဂါဝုဒ်) သာသာတွင် (မဏိကေ သပဗ္ဗတတောင်)၌ ငါဘုရားသည် (ဇာမရီငှက်မင်း) ဘဝဖြင့် နေခဲ့ဖူးလေသည်။ ထိုကြောင့် နောင်အခါ ထိုတောင်၌ ငါဘုရား၏ (ဆံတော်ဓာတ်)ကို စေတီတည်ထားကိုးကွယ်ကြလေ၍ (ဆံတော်စေတီ) တွင်လေလတ္တံ့ဟု ဗျာဒိတ်စကားမြွက်ကြားခဲ့လေသောကြောင့် ဖြစ်ပေသည်။

သို့ဖြစ်လေသောကြောင့် ဘုရားသမိုင်းလင်္ကာတွင် အောက်ပါအတိုင်း ပါရှိလေသည်။ 

“ထင်ပေါ်သာစွ၊ ရောဟကုဋ၊ နာမခေါ်ဆောင်၊ နံတော်တောင်မှ၊ ရွှေရောင်လက်လက်၊ ရှေ့တောင်ဘက်၌၊ တည်လျက်ဝေးကွာ၊ မာလာသီရိ၊ ပန်းအိအိနှင့်၊ မဏိကေသ၊ နာမထွန်းပြောင်၊ ထိုသည့်တောင်၌၊ ဘုန်းခေါင်တစ်လီ၊ ဇာမရီတဇာစ်၊ဧကန်ဖြစ်၍၊ စင်စစ်ဘုန်းလူ၊ လွန်တော်မူလျှင်၊ ဆူဆူထွဋ်မြတ်၊ ဆံတော်ဓာတ်ကို၊ တည်လတ်ပြီးခါ၊ ကိုးကွယ်ရာ၏၊ မိန့်မှာစကား၊ ဤသို့အားဖြင့်၊ မှာကြားပြီးခါ၊ အဇာဋာဖြင့်၊ ထက်ကောင်းကင်မှ၊ စက်ရှင်ဖြန့်ခါ၊ ခေတ္တရာဟု၊ သညာဆန်းကြည့်၊ ရသေ့ပြည်သို့၊ ဦးတည်ဖြန့်မြန်း၊ ကြွချီလှမ်းသည်၊ လျှပ်ပန်းတိမ်နီရောင်တို့တည်း။” ဟူ၍ ဖော်ပြထားလေသည်။

ဤဆံတော်ဓာတ်စေတီသည် နှစ်ပေါင်းများစွာကြာလွန်လေခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး၏ ဗုံးဒဏ်ခံရလေသဖြင့် စေတီတော်မှာ ပြိုကျပျက်စီးခြင်းသို့ ကျရောက်လေသောအခါ ရရှိသောဓာတ်တော်ဆူရေပေါင်း (၂၉၉၉)ဆူတို့ကို သိမ်ကုန်းဆရာတော်ကြီး ဦးသာသနနှင့် ဘန္ဒန္တပညိန္ဒြိယဆရာတော်တို့သည် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားပြီးသော် အမြို့မြို့အနယ်အနယ်သို့ လှည့်လည်အပူဇော်ခံ မေတ္တာရပ်ခံဆော်သြလျက် အလှူခံရရှိသမျှသော ငွေးကြေးတို့ဖြင့် (ဆဋ္ဌမအကြိမ်) အဖြစ် ဘုရားရှင်၏ ဓာတ်တော်အစစ်နှင့် ဓာတ်တော်များတို့အား ဌာပနာထည့်လျက် ကောဇာသက္ကရာဇ် (၁၃၁၅) ခုနှစ်၊ တန်ဖူးလဆန်း(၅)ရက်၊ ခရစ်နှစ် (၁၉၉၃) ခုနှစ်တွင် စေတီဉာဏ်တော်အမြင့် (၅၄)တောင် ထီးတော်တင်ကာ တည်ထားပူဇော်ကြမှုကို တွေ့မြင်ဖူးတွေ့ရသဖြင့် အလွန်ပင်ဝမ်းမြောက်ပီတိ သာဓုခေါ်မိပါတော့သည်။

ယခုအခါ ဤဆံတော်စေတီတော်မြတ်ကြီးအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဂေါပကဖွဲ့စည်းထားရာတွင် ဥက္ကဋ္ဌအဖြစ် ဦးမောင်ဆိတ်ကြီးကြပ်ကာ ကော်မတီဝင်များနှင့် ဆောင်ရွက်နေကြမှုကို
အားရဝမ်းမြောက်စရာအဖြစ်တွေ့မြင်ခဲ့ရပေသည်။ ကေသမဏိပဗ္ဗတတောင်ကုန်းပေါ်တွင် ယခုအခါ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် တရားပွဲတော်များ ကျင်းပကြခြင်း၊ ဘုရားဖူးရပ်ဝေးမှ ဧည့်သည်တို့
တည်းခိုနိုင်ရန် ဓမ္မာရုံတစ်ခုကို ပြုလုပ်ထားခြင်း၊ ဗုဒ္ဓဝင်ပြတိုက်တစ်ခုတွင် (၂၈) ဆူမြတ်စွာဘုရားရှင်တုများ၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာ(၄)ပါး၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ (၁၃)ပါး၊ ဧတဒဂ်ဘွဲ့ရ

ဥပသကာကြီး (၁၁)ဦးနှင့် ဧတဒဂ်ဘွဲ့ရ ဥပသိကာအမျိုးသမီး(၁၀)ဦးတို့၏ ရုပ်တုတော်များ၊ ဒွါရာဝတီသို့ မြတ်စွာဘုရားရှင်ကြွလာပုံ၊ ဒွါရာဝတီမြို့စား (ဓမ္မသူရ) အမတ်ကြီး အံတော်၊ နံတော်၊
ဆံတော် စေတီတော်သုံးဆူတို့အား တည်ထားပုံများကို ရုပ်လုံးရုပ်ကြွ ပန်းချီများဖြင့် တခမ်းတနားဆင်ယင်ပြသထားပါသည်။ ဆောင်ရွက်ပြုလုပ်နေကြဆဲကာလ(၉၀)ရာခိုင်နှုန်းပြီးစီးနေမှုကို
မြင်တွေ့ခဲ့ရပေသည်။ အထူးအားရဝမ်းသာဂုဏ်ယူစရာပင်ဖြစ်ပေတော့သည်။

ထိုဆံတော်စေတီကုန်းတော်ရှိ ဗုဒ္ဓဝင်ပြတိုက်အနီး(သံဝေဇနိယကုန်း)တွင် (အလိုတော်ပြည့် ဆရာတော်ကြီး)တည်ထားသော (လျောင်းတော်မူဘုရား)တစ်ဆူကိုလည်း ဖူးမြော်ရပေသည်။
ဤဆံတော်စေတီတည်ရှိရာ (မဏိကေသပဗ္ဗတ) တောင်ကုန်းပေါ်သို့ တက်ရောက်ဖူးမြော်နိုင်ရန် ယခုအခါ (နယ်စပ်ဒေသ စည်ပင်ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်နှင့် ဇနီး)တို့က (၂၀၀၁ ခုနှစ်
မေလ(၆)ရက်နေ့စွဲဖြင့် တောင်တက်လမ်းကို ကတ္တရာစေးလမ်းအဖြစ် လမ်းရှည်ပေပေါင်း (၂၄၀၀) လမ်းအကျယ် (၁၂)ပေရှိသော လမ်းမှာ ချာမောစွာပြီးစီးလှူဒါန်းထားကြမှုအတွက်
ဘုရားဖူးတက်ရောက်လာသူများ အထူးအဆင်ပြေလျက် ဝမ်းမြောက်သာဓုခေါ်ကြပါပေတော့မည်။

http://arakanhistory2.blogspot.com
မှကူးယူဖော်ပါသည်။
စစ်ခွေးပစ်မုဆိုး

Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ