ဗိုလ်မှူချုပ် မင်းထွန်း ( ခ) မင်းဇံဝေ ( ခ ) ဇော်ဇော်အောင်
နာမည်အရင်းမှာ မင်းဇံဝေဖြစ်သည်။ ၁၊ ၁၊ ၁၉၈၂ ခုနှစ်တွင် ပညာတတ်အသိုင်းအ၀ိုင်းဖြစ်သည့် သမ၀ါယမဦးစီးဌာမှ ဦးကျော်သန်းနှင့် ဒေါ်သန်းသန်းအေးမိသားစုတို့မှ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ ငယ်စဉ်ကတည်းပင် ပညာတော်ပြီး ဆယ်တန်းစာမေးပွဲကို ၁၉၉၉ ခုနှစ်တွင် ဂုဏ်ထူး ၅ ဘာသာဖြင့် ရခိုင်တစ်ပြည်နယ်လုံး ပထမဖြင့် အောင်မြင်ခဲ့သည်။ ဆယ်တန်းတွင် ထူးထူးချွန်ချွန်အောင်မြင်ခဲ့သည့်အတွက် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၂)သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း ဆေးကျောင်းသားဘ၀ကို စွန့်လွှတ်ပြီး အင်္ဂလိပ်စာဘာသာရပ်ကို စနစ်တကျလေ့လာခဲ့သည်။ TOEFL ကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိခဲ့သည်။
ငယ်စဉ်ကတည်းပင် လူမှုရေးစိတ်ရှိပြီး ဂျစ်ကန့်ကန့်ဖြင့် သူယုံကြည်ရာကို စွဲစွဲမြဲမြဲလုပ်တတ်သည်။ အချိန်ရှိတိုင်း စာဖတ်နေတတ်ပြီး နိုင်ငံတကာ စာပေများကို နှံ့စပ်သည်။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ပြီး မင်းဇံဝေအပါအ၀င် လူငယ်များသည် စစ်အုပ်ချုပ်ရေး ယန္တရားကို ရွံ့မုန်းခဲ့သည်။ ထို့ကြောင့် စစ်ဖိနပ်အောက်မှ ရုန်းထွက်ဖို့အတွက် ကြိုးစားလာခဲ့သည်။ ထိုအချိန်တွင် ပြည်ပအဖွဲ့အစည်းတို့ဖြင့် ချိပ်ဆက်မိလာသည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်းအရုံး(AASYC )နှင့် ချိပ်ဆက်မိခဲ့သည်။
AASYC အဖွဲ့အစည်းကို ၁၉၉၅ ခုနှစ်တွင် ဦးခိုင်မြတ်ကျော်(ယခု နရဉ္စရာသတင်းဌာန) နှင့် ကိုကျော်ကျော်တို့မှ တည်ထောင်ခဲ့သည်။ လူငယ်များဖြင့် တည်ထောင်ခဲ့သည့်အတွက် ရခိုင်ပြည်ဆိုင်ရာ ဆန်ပြဿနာနေ့၊ ရခိုင်ပြည်အချုပ်အချာအာဏာကျဆုံးနေ့၊ ဆရာတော်ဦးဥတ္တမနေ့တို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၀၁ ခုနှစ်တွင် ဦးကျော်ဟန် (ယခု ရက္ခိုင်တပ်မတော်) နှင့် ဦးဇော်မိုးအောင်တို့မှ တာဝန်ယူတည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဦးကျော်ဟန်တို့နှင့် ကိုမင်းဇံဝေအပါအ၀င် လူငယ်များသည် ချိပ်ဆက်မိပြီး ၂၀၀၅ ခုနှစ်တွင် AASYC ညီလာခံတွင် ကိုဝင်းအောင်(ယခု ရွှေဂစ်)နှင့် ကိုအောင်မင်းဦး(ဦးဘခင်)တို့နှင့်အတူ ညီလာခံတွင် မင်းဇံဝေမှာ ထိုင်း-မြန်မာနယ်စပ် တော်တွင်းတစ်နေရာတွင် ဇော်ဇော်အောင်နာမည်ကို ခံယူလျက် AASYC တွင် ဦးကျော်ဟန်နှင့်အတူ သမာပဓိနေရာကို ယူခဲ့သည်။
နောက်ပိုင်းတွင် ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းမှတဆင့် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားတပ်မတော်(KNU)နယ်မြေတွင် ဖွဲ့အစည်းခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းနာမည်ကို ရခိုင်ပြည်တပ်မတော်( Arankan Amary)ဟု အမည်ပေးခဲ့သည်။ ထိုအချိန်တွင် မင်းဇံဝေ(ခ)ဇော်ဇော်အောင်မှာ ဗိုလ်မှူးချုပ်မင်းထွန်းနာမည်ကို ခံယူပြီး လက်နက်ကိုင်တော်လှန်ရေးကို ယနေ့အချိန်ထိ တိုက်ပွဲဝင်လျက်ရှိသည်။ ရခိုင်ပြည်တပ်မတော်( AA ) ကို တည်ထောင်ချိန်တွင် စစ်အစိုးရ၏ ဖိနှိပ်မှု ပြင်းထန်နေချိန်၊ လူ ၁၀ ယောက်ခန့်ကို တစ်နေရာတည်းတွင် စုစည်းစကားပြောနိုင်ဖို့ မလွယ်ကူးသည့်အချိန်တွင် ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရသည်။ AASYC မှ ရခိုင်ပြည်အတွက် တန်ဖိုးမဖြတ်နိုင်သည့် မျိုးချစ်စိတ်ရှိသည့် လူငယ်မျိုးဆက်ပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အစိုးရနှင့် ငြိမ်ချမ်းရေးလက်မှတ်ရေးထိုးနိုင်ရန်အတွက် ရခိုင်အမျိုးသားကောင်စီ (ANC )နှင့် တွဲဖက်လျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူထုနှင့်တွေ့ဆုံနိုင်ရန် ရောက်ရှိခဲ့သည်။ ယခုအခါ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လျက်ရှိသည်။ ရခိုင်ပြည်တပ်မတော်ကို ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ဦးထွန်းဇော်နှင့် တွဲဖက်ဦးဆောင်လျက် တော်လှန်ရေးလုပ်ငန်းများကို ယနေ့ထိဆောင်ရွက်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ရက္ခိုင်တပ်မတော်(AA)နှင့် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ရခိုင်ပြည်တပ်မတော်(AA)မှာ မကြာခဏ နာမည်ရောထွေးမှုရှိပြီး ရက္ခိုင်တပ်တော်လောက် အင်အားမကောင်းသော်လည်း ရခိုင်ပြည်၊ ရခိုင်လူမျိုးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ယခုအခါ ဗိုလ်မှူးချုပ် မင်းထွန်းမှာ ဇနီးသည်နှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျက် တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။
ဝေဟင်အောင်
၃၊ ၂၊ ၂၀၁၇။
Comments
Post a Comment