တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန်
တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ အမ်း-ပဒါန်း ကားလမ်း အား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ထုတ်ပြန်
၂ ဧပြီ ၂၀၂၄
ရက္ခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ယနေ့အထိ ဆက်လက်ရှိနေခဲ့ပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။
တစ်ပြိုင်နက်တည်းတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့မှစ၍ ရက္ခိုင်ပြည်၊ အမ်း နှင့် မကွေးတိုင်းအကြားတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
နိုင်ငံတစ်ဝန်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ရှုံးစစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများတွင်ပါ ဆက်တိုက်ရှုံးနိမ့်နေသည့်တိုင် ပြည်သူလူထုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ်သည်။
ပြည်သူလူထုအား စစ်မှုမထမ်း မနေရဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
ယခုအခါ အများပြည်သူများသွားလာသည့် လမ်းများထဲမှ ရက္ခိုင်ပြည်၊ အမ်းမြို့ နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာ နှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းများထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အပြင် ဤကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း-ပဒါန်း ကားလမ်း အား မိမိတို့မှ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ပါကြောင်း အရေးပေါ်ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ရက္ခိုင့်တပ်တော် နိုဗာ ( ၁ ) စစ်ဒေသမှ ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်။
#lay_wadi_media #Rakhine #ရခိုင် #အကြမ်းဖက်စစ်တပ် #နပခ #အမ်း
Comments
Post a Comment