ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ

 ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ


BVJ/KNT_ ဧပြီ ၁၁၊ ၂၀၂၄


မြန်မာပြည်ကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အရေအတွက် ၁ သိန်းအထိ လက်ခံကူညီမယ်လို့ ထိုင်းအစိုးရက ပြောကြားထားပေမဲ့ လက်ရှိအချိန်အထိ ပြင်ဆင်ဆောင်ရွက်နေတာကို မတွေ့ ရသေးပါဘူး။ 


မြဝတီမြို့ကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့အတွက် မြို့ခံတွေက ထိုင်းနိုင်ငံဘက်အခြမ်းကို ကူးလာပြီး မဲဆောက်မြို့တွင်းမှာ အဆင်ပြေသလို ကိုယ့်အစီစဉ်နဲ့ကိုယ် နေထိုင်နေကြရပါတယ်။ 


အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးထက် အမျိုးသားလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း အခုလိုပြောပါတယ်။ 


“ထိုင်းအစိုးရက နိုင်ငံတကာမှာလည်း လူ့အခွင့်အရေးကိုစောင့်ရှောက်တဲ့အစိုးရအဖြစ်လည်းမြင်စေချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာက ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတယ်။ မြဝတီက စစ်ရှောင်တွေ ဒီဘက်အခြမ်းကို ဝင်လာနေတာကို နယ်ခြားစောင့်တပ်က မသိချင်ယောင်ဆောင်ပေးတယ်။ သူတို့ပြောတဲ့ စခန်းတွေဖွင့်ပြီး လူ ၁ သိန်း လက်ခံမယ်လို့ပြောထားတဲ့အချက်ကိုတော့ အကောင်အထည်မဖော်ဘူး။ ဒါကြောင့် မဲဆောက်ကို ရောက်လာသူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ် အိမ်တွေငှားရတယ်။ အစိုးရက ကူညီပြီး စခန်းတွေဖွင့်မပေးတဲ့အတွက် ပိုက်ဆံရှိတဲ့သူတွေက အဆင်ပြေပေမဲ့ ပိုက်ဆံမရှိတဲ့ လူတွေက မိတ်ဆွေတွေဆီကို အကူအညီတောင်းပြီး နေကြရတယ်” လို့ပြောပါတယ်။ 


ဧပြီ ၁၀ ရက်ကစတင်ပြီး မဲဆောက်မြို့တွင်းကို စစ်ရှောင်ဦးရေ ၅၀၀၀ပတ်ဝန်းကျင်ဝင်ရောက်နေပြီး မဲဆောက်မြို့ တွင်း ငှားစရာအခန်းမရှိတော့ဘူးလို့လည်း ဦးမိုးကြိုးကပြောပါတယ်။ ထိုင်းလူမျိုးတွေက လူမှုကွန်ရက်တွေကနေ စစ်ရှောင်တွေကို ကူညီဖို့ အလှူငွေထည့်ဝင်နေတာလည်းရှိတယ်လို့ ကိုမိုးကျိုးက ဆက်ပြောပါတယ်။ 


ဧပြီလ ၁၀ ရက်က တံတားပေါ်မှ မဲဆောက်ဘက်ကို ဝင်လာသူများ ၄၀၀၀ ကျော်ရှိပြီး ပုံမှန်နေ့များမှာ ပျမ်းမျှ ၁၉၀၀ ခန့်သာရှိတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။ 


ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော ဒုက္ခသည် ၁ သိန်းကျော်ကို နယ်စပ် တစ်လျှောက်တွင် ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်က ပြောထားပါတယ်။


Photo: The Reporters





Comments

Popular posts from this blog

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး