မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၁၀)ဦး ကျော် ထိခိုက်ဒဏ်ရာရ
၃၀ ဧပြီ ၂၀၂၄
ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အပြင် စစ်တွေမြို့ဘက်က ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မင်းပြားမြို့ကို ဒီနေ့ ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀နာရီခန့်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဈေးဟောင်းပိုင်းရပ်ကွက်၊ စွန်ရဲလမ်းရှိ စည်ပင်ရုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားမှာ ရှိတဲ့ နေအိမ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောဆိုခဲ့သည်။
"ဗုံးလာကြဲတာ စည်ပင်ရုံးမှာ ဗုံးတစ်လုံးကျတယ်။ ရုံးတစ်ဆောင်လုံးပြိုပျက်သွားတယ်။ ပြီးတော့အဲ့ဒီရုံးနားမှာနေတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတယ် " လို့ ဆိုပါတယ်။
အလားတူ နံနက် ၁၀နာရီ ၁၅မိနစ်ကလည်း စစ်တွေ မြို့ဘက်က ဟောင်ဝစ်ဇာ လက်နက်နဲ့ ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားသပြေညိုရပ်ကွက်က လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး ၅ ဦး အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
Comments
Post a Comment