ယူကေကို အတုယူချင်သလား (၅) နိုင်ငံစနစ်နဲ့သွား

ယူကေကို အတုယူချင်သလား (၅)နိုင်ငံစနစ်နဲ့ သွားပါ

၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ၊ ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံ၊ အခု ၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံတို့ဟာ ဗြိတိသျှတို့ရဲ့ ဝက်မင်စတာပုံစံကို အတုခိုးထားတယ်လို့ ပြောလို့ ရတယ်။ တစ်မတ်သားဖက်ဒရယ်၊ တစ်ပါတီအာဏာရှင်၊ အခု စစ်အာဏာရှင်စနစ် အသီးသီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံတိုင်းဟာ ဗြိတိသျှတို့နည်းကို အတုခိုးထားတာချည်းပါပဲ။ အခု လေ့လာမိသလောက် မြန်မာလက်နက်ကိုင်များနဲ့ မြန်မာအစိုးရဟာ ယူကေမှာလို Devolving power စနစ်ကို ကျင့်သုံးဖို့ အာသီသ ရှိနေပုံရတယ်။ အမေရိကန်ပြည်ထောင်စုပုံစံ ဖက်ဒရယ်စနစ်ကို လိုလားဟန် မပြပါ။ တကယ်လို့ မြန်မာအစိုးရက ယူကေပုံစံကို အတူခိုးချင်တယ်ဆိုခဲ့ရင်လည်း မိမိတို့က မကြိုက်ပေမဲ့ စဉ်းစားစရာအချက်အချို့ကို ဒီမှာ ဆွေးနွေးပြပါ့မယ်။

အင်္ဂလိပ်တို့က ၁၅၃၅ အေဒီမှာ Laws in Wales Acts အရ ဝေးလ်နဲ့ ပေါင်းစည်းမိတယ်၊ ၁၆၀၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ Union of the crowns under James, King of Scott အရ စကော့တလန်နဲ့ ပေါင်းစည်းမိပြန်တယ်။ ၁၇၀၇ မေလ (၁)ရက်မှာ Acts of Union of England and Scotland ဆိုပြီး ဘုရင်တစ်ပါးထဲ အုပ်ချုပ်တဲ့ Great Britain အဖြစ် ရပ်တည်လိုက်တယ်။ ၁၈၀၁ ခုနှစ်၊ ဇန္နဝါရီလ (၁)ရက်နေ့မှာ Acts of Union of Great Britain and Ireland ဆိုပြီး အိုင်ယာလန်နိုင်ငံရဲ့ တစ်စိတ်တစ်ဒေသကို ရယူခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီဒေသအားလုံးကို စုပေါင်းပြီး United Kingdom of Great Britain and Northern Ireland လို့ တရားဝင် ခေါ်ဝေါ်ကြတယ်။ ဒီမှာ ပါတဲ့ England, Scotland, Wales နဲ့ Northern Ireland တို့ဟာ သီးခြားလွတ်လပ်စွာ နေကြတာ မဟုတ်ပေမဲ့ အားလုံးက သီးခြားနိုင်ငံတွေလို နိုင်ငံတကာဆက်ဆံရေးတွေ ထားရှိပါတယ်။ ဒါကြောင့် Countries in a counry လို့ ဆိုစမှတ်ပြုကြရတယ်။ နိုင်ငံတစ်ခုထဲက နိုင်ငံများတဲ့။

မြန်မာနိုင်ငံဟာ သုနာပရန္တတိုင်းနဲ့ ကမ္ဘောဇတိုင်းတို့ဟာ နဂိုကတည်းက ပေါင်းမိခဲ့ကြတယ်။ ၁၄ ရာစုကတည်းက ဆိုပါတော့။ ရာမည(မွန်)တိုင်းကို  ၁၇၅၇ မှာ သိမ်းမိတယ်။ ဓညဝတီ (ရခိုင်)တိုင်းကို ၁၇၈၅ လောက်မှာ သိမ်းမိတယ်။ ကချင်နယ်တို့၊ ကရင်နီနယ်တို့ကတော့ သီးခြားနယ်တွေ ဖြစ်နေခဲ့တယ်။ အထူးသဖြင့် ကရင်နီနယ်ဟာ မွန်ဘုရင်၊ မြန်မာဘုရင်၊ ဇင်းမယ် (ထိုင်း) ဘုရင်တို့ရဲ့ ကြားခံဒေသ ဖြစ်ခဲ့သလို ဗြိတိသျှလက်ထက်မှာလည်းပဲ သီးခြားလွတ်လပ်တဲ့ နယ်မြေတစ်ခု ဖြစ်ခဲ့ကြောင်း မှတ်တမ်းရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်းပဲ ယူကေမှာလိုပဲ (၁) မြန်မာနိုင်ငံ၊ (၂) မွန်နိုင်ငံ (၃) ရခိုင်နိုင်ငံ၊ (၄) ရှမ်းနိုင်ငံနဲ့ (၅) တောင်းတန်းဒေသများဆိုပြီး တည်ရှိခဲ့တဲ့ နိုင်ငံပါ။ ဒါကြောင့် အုပ်ချုပ်ရေးဇုံကို (၅)ခု သတ်မှတ်လို့ ရပါတယ်။ ကမ္ဘောဇဇုံ၊ ဓညဝတီဇုံ၊ ရာမညဇုံ၊ သုနာပရန္တဇုံ၊ တောင်တန်းဒေသဇုံ ဆိုပြီး ထားရှိရမှာ ဖြစ်တယ်။ ပြီးမှ ဒီဇုံ(၅)ခုကနေ ဖွဲ့စည်းသင့်တဲ့ ပြည်နယ်တွေကို ဖွဲ့စည်းပေးရမှာ ဖြစ်တယ်။

နယ်မြေအကြောင်း ပြောရင် ဗမာတွေက လူမျိုးတွေ ရောကုန်ပြီလို့ ပြောတတ်ကြတယ်။ လူမျိုးတွေ မရောပါ။ ကိုယ့်အမျိုးကို မေ့နေကြလို့သာ မသိကြတာပါ။ စကော့တလန် (Scotland) မှာ အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် သုံးခဲ့တာ ကြာတော့ စကော့လူမျိုးတွေက ကိုယ်ရဲ့ ဘာသာစကား (ဂေါလစ်)ကို သိပ်မပြောတတ်တော့ဘဲ အင်္ဂလိပ်ကိုပဲ ပြောကြတော့တယ်။ စကော့တလန်ပါလီမာန်က ၂၀၀၅ ခုနှစ်မှာ သူတို့မူရင်းဘာသာစကားကို အင်္ဂလိပ်ဘာသာစကားနဲ့ တန်းတူ ထားရှိပေးတယ်။ မြန်မာနိုင်ငံမှာလည်းပဲ မြန်မာဘာသာစကားကို တစ်နိုင်ငံလုံးမှာ သုံးနေကြပေမဲ့ ဗမာစကားပြောတိုင်း ဗမာလူမျိုး မဟုတ်ပါဘူး။ ဥပမာ-အောက်ပြည်အောက်ရွာ ရာမညတိုင်းမှာ ဗမာစကားကို ပြောနေပေမဲ့ စကော့တွေက အင်္ဂလိပ်စကားကို နေ့စဉ်သုံးနေကြပေမဲ့ အင်္ဂလိပ်တွေ မဟုတ်သလိုပဲ သူတို့လည်း ဗမာတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ယူကေမှာ စကော့တလန်နိုင်ငံက စကော့တလန်နိုင်ငံပါပဲ။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်းပဲ ရာမညနိုင်ငံက ရာမညနိုင်ငံပါပဲ။ ဒီရာမညနိုင်ငံမှာ မြန်မာစာကို ရုံးသုံးအဖြစ် သုံးပါ။ ဒါပေမဲ့ မွန်စာကိုလည်း မြန်မာစာနဲ့ တန်းတူအဖြစ် သတ်မှတ်ပေးရမှာ ဖြစ်တယ်။

ဒီရာမညနိုင်ငံမှာလည်းပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ရှိနေမှာပါ။ အဲ့လိုပဲ ကမ္ဘောဇနိုင်ငံမှာလည်းပဲ ရှမ်းပြည်နယ်၊ ပလောင်ပြည်နယ်၊ ဝပြည်နယ်၊ မိုင်လားပြည်နယ်၊ ကိုးကန့်ပြည်နယ်၊ ပအိုဝ်းပြည်နယ် စသည် ရှိနေမှာပေါ့။ သုနာပရန္တတိုင်းမှာလည်းပဲ ဗမာပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းနီပြည်နယ်၊ ကဒူးကနန်းပြည်နယ်၊ နာဂပြည်နယ် အဲ့လို ရှိနေမှာပေါ့။ ဓညဝတီတိုင်းမှာ ရခိုင်တွေပဲ ရှိတော့ သီးခြားပြည်နယ်တွေတော့ မရှိဘူးပေါ့။ ဒါတောင် ဆိုမီတို့၊ ကမန်းတို့အတွက် စီစဉ်ပေးရအုံးမှာပေါ့။ ကျန်တဲ့ တောင်းတန်းဒေသများမှာတော့ ကချင်တို့ရှိမယ်၊ ကရင်နီတို့ ရှိမယ်ပေါ့။ ရုံးသုံးအဖြစ် အင်္ဂလိပ်ကို သုံးချင်သုံးပေါ့။ မြန်မာစာကို သုံးချင်သုံးပေါ့။ ဒါပေမဲ့ ဆိုင်ရာဒေသန္တရဘာသာစကားတွေကိုလည်း အင်္ဂလိပ်နဲ့တန်းတူ၊ မြန်မာနဲ့တန်းတူသတ်မှတ်ပေးရမှာ ဖြစ်တယ်။ ဒီနည်းနဲ့ဆိုရင်

၁။ သုနာပရန္တတိုင်း
၂။ ရာမညတိုင်း
၃။ ကမ္ဘောဇတိုင်း
၎။ ဓညဝတီတိုင်း
၅။ တောင်တန်းဒေသတိုင်းဆိုပြီး (၅)နိုင်ငံလို ဖြစ်သွားပြီ။ အရှေ့တောင်အာရှမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် ဒီတိုင်း(၅)တိုင်းကို သူတို့သိကြတယ်။ ဘောလုံးပြိုင်ပွဲကအစ သီးခြားပါဝင်ယှဉ်ပြိုင်လို့ ရတယ်။ အဲ့လိုဆိုရင် သုနာပရန္တတိုင်းမှာ ပါမဲ့ လက်ရှိနေပြည်တော်အစိုးရဟာ အခု အင်္ဂလန်အစိုးရနဲ့ တူသွားမှာဖြစ်တယ်။ ကျန်အစိုးရတွေကတော့ စကော့တလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်တို့နဲ့ ဆင်တူသွားတဲ့သဘောပါ။ ဥပမာ-ရာမညမွန်ကရင်နိုင်ငံအနေနဲ့ ကိုယ်ပိုင်လွှတ်တော်နဲ့ပါ။ ကိုယ်ပိုင်ငွေစက္ကူနဲ့ပါ။ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ပါ။ ကိုယ်ပိုင်စီးပွားရေးစနစ်နဲ့ပါ။ ဒါပေမဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတော့ မဟုတ်ဘူး။ ဒေသန္တရမှာပဲ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ အခြားတိုင်းနိုင်ငံများလည်း ဒီနည်းနှင်နှင် ပုံသွင်းလို့ ရပါတယ်။

ဒီအတိုင်း ယူရမယ်လို့ မပြောပါ။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုအဖြစ်နဲ့တော့ မှတ်တမ်းတင်ထားသင့်ပါတယ်။
Credit/ U Ravika

Comments

Popular posts from this blog

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး