ပလောင်လူမျိုး ( ၂ )
ဤသို့စကားအခြေအချ အချီအတက် စကားလိပ် စကားထာတို့ကို ဖွဲ့နွဲ့ပြောဆိုပြီး အပေါက်ဝမှ လူပျိုလှည့်ရသောနည်း မှာ တောင်မတိုက်နယ် အပျိုလူပျိုတို့ဖြစ်ပေသည်။ ၎င်းကား မိဘအုပ်ထိန်းသူသည် မိမိတို့၏သမီးအသက်အရွယ်အားဖြင့် ၁၅ နှစ် ၁၆ နှစ် ရောက်၍ မိန်းခလေး၏အိပ်ခန်းနံရံဘေးကို လက်ဝင်ရုံအပေါက်နှင့်လှေခါးငယ်တစ်ခုကို ပြုလုပ်ပေးရသောထုံးစံရှိ ပေသည်။
လူပျိုလှည့်လာသော လူငယ်ကာလသားတို့မှာ အလိုက်သိစွာဖြင့် လှေခါးကို ယူ၍ထောင်ကာ အပေါက်ဝမှ လက်ချင်း ဆက်ကာ ချစ်တင်းစကား ပြောဆိုပေသည်။ အပျိုက သူ၏ချစ်သူမှန်းသိလျှင် ယုယကြသည်။ ပျော်မြူးကြသည်။ ချစ်မေတ္တာ ရွှင်မြူးကာ တစ်ခါတစ်ခါ မိုးပင်လင်းသည်အထိ ချစ်တင်းစကား ပြောသံကြားနေဆဲပင်တည်း။
ပလောင်လူငယ်ကာလသားတို့မှာ အခြားရွာများမှ အပျိုအိမ်သို့ လှည့်ပတ်လိုပါက ရွာခံလူပျိုများတို့က လိုက်ပို့ကြပေ သည်။ ရွာခံလူငယ်ကာလသားတို့သည် အခြားရွာသားများကို ပိုမို၍ဦးစားပေးကာ ရှောင်ပေးသည်ကို တွေ့မြင်ရပေသည်။ ရွာခံ ကာလသားများက ဦးစားပေးကာ ရှောင်ဖယ်ပေးပါလျက်နှင့် မဖွယ်မရာ ရိုင်းစိုင်းသောအမူအကျင့်များကို ပြုမှားမိပါလျှင် ရွာခံ လူငယ်ကာလသားတို့က ၀ိုင်းဝန်းဖမ်းကြပြီး နောက်နောင်ကို ၎င်းအမူအကျင့်များ မပြုလုပ်ကြရန် ဆုံးမစကား ပြောကြားကြပေ သည်။ ကွဲပြဲကျိုးပဲ့သေသွားလောက်အောင် ရိုက်နှက်ရိုးထုံးစံ မရှိပေ။ ဆုံးမ၍ မရသူကို ရွာမှ မောင်းခတ်၍ နှင်ထုတ်ကြသော ထုံးစံရှိသည်။ လူငယ်ကာလသားဘ၀ ရည်းစားလုမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုများ မရှိချေ။ လူပျိုလှည့်ကာ အပျိုများတို့က ပျော်ရွှင်နေ ကြသည်ဟု တွေ့မြင်နိုင်ပေသည်။
ထိမ်းမြားလက်ထပ်ခြင်း
ပလောင်တိုင်းရင်းသားတို့သည် မင်္ဂလာအခမ်းအနားရှိပါက အမျိုးသားနှင့်အမျိုးသမီးအိမ်တို့ကို ပြုလုပ်ပေးရသည်။ အမျိုးသားဘက်က ဖိတ်ထားသောဧည့်ပရိသတ်များနှင့်အမျိုးသမီးဘက်က ဖိတ်ထားသော ဧည့်ပရိသတ်တို့ကို စုံစုံညီညီရှိပြီး နောက် မြို့ကြီးများကဲ့သို့ ဧည့်ပရိသတ်တို့ကို ဧည့်ခံကျွေးမွေးကြသည်။ အချို့အိမ်ကား လဖက်ရည်အချိုနှင့်ဧည့်ခံ၍ အချို့အိမ် မှာ ထမင်းများနှင့်ဧည့်ခံ၍ ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအခမ်းအနားသို့ အမျိုးသားနှင့်အမျိုးသမီးတို့ ဖိတ်ထားသော ဧည့်ပရိသတ်တို့ အမျိုးသမီးအိမ်ဘက်သို့ သွားရောက်ကြသည်။
အမျိုးသားဘက် ဖိတ်ခေါ်သော “တာကျယ်(တ်)”ဆိုသောလူကြီးတစ်ယောက်သည် အမျိုးသမီးအိမ်သို့ ရောက်သည် နှင့် ယွန်းကလပ်ပေါ်တွင် ပန်းနှင့် “ကယူ(၀်)”ကိုတင်ကာ အမျိုးသမီးဘက်က ဆွေမျိုးများကို ဦးသုံးကြိမ်ချ၍ မင်္ဂလာအခမ်းအ နားကို စကြမည်ဟုတောင်းပန်ပြီးနောက် ပလောင်လင်္ကာဖြင့် “တာကျယ်”က ရွတ်ဆိုတော့သည်။
ကျွန်တော်များသည် ကံသုံးပါးကို မပြစ်မှားမိစေရန်အတွက် လူကြီးမိဘထံတွင် ရိုသေစွာ ကန်တော့ဝပ်လျှိုးအပ်ပါသည်။
ယခုမင်္ဂလာအခမ်းအနားသို့ ကြွရောက်လာကြသော မိဘဆွေမျိုးများနှင့် ၇ ရက်သား ၇ ရက်သမီး အဖိုးအဖွားအဓိပတိလူကြီးများထံသို့ ရှေးရှု၍ အခြားသောအပြစ်အမှားအယွင်း မရှိအောင် စီစဉ်ထားခဲ့ပါသည်။ လူကြီးမင်းတို့ ပြောမည့်ယခုစကားကို သတို့သားနှင့်သတို့သမီးများ နာခံဖို့ အဆင်သင့်ဖြစ်ပြီးကြောင်း ၀န်ခံပါသည်။
အမျိုးသမီးအိမ်ဘက် လူကြီးတစ်ယောက်က ပြန်လည်၍ ပလောင်ဘာသာလင်္ကာဖြင့် မင်္ဂလာပေးပြန်သည်။
အေး...ကောင်းပြီ၊ ယခုလို အချိန်အခါသမယမှာ အဖိုးအဖွား ဆွေမျိုးများတို့ ရှေ့မှောက်မှာ ဦးသုံးကြိမ်ညွှတ်ကာတောင်းပန်ကြသောမင်းတို့ရဲ့သတို့သားနှင့်သတို့သမီးအား သွားလေရာအရပ်လေးမျက်နှာနှင့်ကိုယ်စိတ်နှစ်ပါးဘေးအန္တရာယ်ကင်းပြီး လိမ္မာတတ်သိသော သူကိုမှသာ ရှေ့တန်းတင်၍ ပြောရသည့်မိမိတို့အလိုရှိသော အကြောင်းအရာများနှင့်ပြောဆိုရန်အတွက် အခွင့်ပေးပါသည်။
မိဘဆွေမျိုးနှင့်သမာဓိလူကြီးများတို့က အပြန်အလှန် လင်္ကာဖတ်တမ်းမင်္ဂလာစကားကို ပြောဆိုကြသည်။ ထိုသို့မင်္ဂ လာလင်္ကာပြောဆိုချိန်၌ ဘေးပတ်ဝန်းကျင်တို့က အမင်္ဂလာစကား ပြောကြရန် အထူးရှောင်ကြဉ်ရပေမည်။ လူကြီးမိဘများနှင့် မင်္ဂလာအကျိုးဆောင် လူကြီးတို့က ၎င်းဇနီးမောင်နှံတို့အား မိမိတို့ ယခုအိမ်ထောင်ကြပြီဖြစ်၍ မိဘဆရာသမားတို့ကို ရိုသေ ကိုင်းရှိုင်းဖို့ တစ်ဦးနှင့်တစ်ဦး သစ္စာမဖောက်ကြဘဲ သေတပန် သက်တစ်ဆုံး ပေါင်းကြ၍ အမျိုးအနွယ်ကို စောင့်ရှောက်နိုင်ပါစေ၊ လောကအလယ်မှာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေစုဆောင်းဖို့ ပြောဆိုဆုံးမသြ၀ါဒစကားပြောကြပေသည်။
သတို့သားနှင့်သတို့သမီးတို့မှာ လူကြီးမိဘတို့၏ဆုံးမသြ၀ါဒကို ခံယူပြီးနောက် လက်အုပ်ချီကန်တော့ကြလေသည်။ ဧည့်ပရိသတ်ကိုလည်း မင်္ဂလာဆုကို ပေးခြင်းပြုပေသည်။ မင်္ဂလာအခမ်းအနားတွင် ပလောင်တို့၏ရိုးရာအရ သတို့သမီးက မိမိ ၏မိခင်နို့ဖိုးငွေ အနည်းဆုံး ၂ိ-၅၀ါးကို ကန်တော့ပေးရသည်။
အမျိုးသမီးက မိမိ၏မင်္ဂလာဆောင်အတွက် ထမင်းဟင်းများချက် သော လူကြီးမိဘများတို့ကို ကန်တော့ကြေးအဖြစ် ၅ိ ၁၀ိ ၁၅ိ အထိပေးရသော ထုံးစံရှိပေသေးသည်။ နှီးနှင့်ရက်လုပ်ထားသော ရာဇမတ်တစ်ခုအပြင် ငှက်ပျောပင်ဝယ် ကြံပင် ကွမ်ခတ်ခေါ်ထမင်းစေ့ကြမ်းပင် အကိုင်းတစ်ကိုင်း၊ “လငွီး”ခေါ် သတို့သမီးခေါင်း ခြုံထည်တစ်ထည်။ သတို့သားခေါင်းပေါင်း တစ်ထည် ကန်တော့ပွဲတွင် ထည့်ရလေသည်။
တစ်ဖန် အမျိုးသမီးဘက်က အဖေအမေများတို့က မိမိတို့၏သမီးအတွက် အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ ယာ၊ ခေါင်းအုံး စသည်တို့ဖြင့် နှီးနှင့်ယက်လုပ်ထားသော တောင်းတစ်ခုကို ထည့်ပေးရပေသည်။ ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ ထွန်ခပ်ထမင်းစေ့ကြမ်းပင်အကိုင်းတစ်ကိုင်း၊ သတို့သမီးခြုံတစ်ထည်၊ သတို့သားခေါင်းပေါင်းနှင့်အမျိုးသ မီးအတွက် ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာ၊ ခေါင်းအုံး ပေးရသောဓလေ့ထုံးသည်ကား....
ဓလေ့ဟောင်း
ရှေးသရောအခါက ပလောင်လုလင်ပျိုတစ်ဦးနှင့်ပလောင်လုံမပျိုတစ်ဦးတို့မှာ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသောည တွင် သူမ၏အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီးဝင်ပြီး ကြံပင် ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ ၀င်းထရံ ကြံပင် ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် အလွန်မောပန်း၍ ခရီးတစ်ထောက်နားပြီး ထရာမှ အမျိုးသမီးက မိမိညက ထည့်ထားသော တောင်းတစ်ခုမှ ပစ္စည်းကို သတိရမိပြန်၏။
တစ်ဖန် လုလင်၏ခေါင်းပေါင်းနှင့်သူမခြုံ ထည်တို့ ကျကျန်ရစ်ခဲ့သည်။ နံနက်လင်းလျှင် သူမ၏မိဘများက အိမ်အတွင်းကြည့်မိရာ နှီးနှင့်ယက်ထားသော တောင်းတစ်ခု ကို တွေ့မြင်ရလေသည်။ တောင်းကိုယူကြည့်မိရာ အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြား၊ စောင်၊ မွေ့ယာခင်း၊ ခေါင်းအုံး စသည်တို့ကို တွေ့မြင်ပေသည်။ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့်ခေါင်းပေါင်းနှင့်ခြုံထည်ပုဝါကိုပါ တွေ့ရှိပြန်လေသည်။ ထိုအခါ လူကြီးစုံရာကို သက်သေသာဓကအဖြစ် တင်ပြပြီးနောက် လက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့် အတိုင်း ယခုခေတ်မင်္ဂလာပွဲတွင် အလားတူ ပစ္စည်းများ ထည့်သွင်းပေးသည့်အစဉ်အလာ ရှိနေပေသည်။
Comments
Post a Comment