သျှစ်သောင်း ပုထိုးတော်အတွင်းမှ မင်းဝတ်အစုံပါ ဝေသာလီခေတ် ဆင်းတုတော်
သျှစ်သောင်းပုထိုးတော်အတွင်းမှ မင်းဝတ်အစုံပါ ဝေသာလီခေတ် ဆင်းတုတော်
ဆရာကြီးဦးဦးသာထွန်း ဦးဆောင်မှုဖြင့် ဦးကျော်ထွန်းအောင် ဦးမြသာ ဦးထွီးမောင် တို့၏ ပံ့ပိုးမှုဖြင့် မြောက်ဦးသမိုင်းဝါသနာရှင်လူငယ်တစ်စုက မူလနေရာ ငွေတောင်ပေါက်တံတားအရှေ့ဘက် ကမ်းစီးပတ်ချောင်းအနီး ခံတပ်တောင်တန်းမှ ပျက်စီးကျိုးပဲ့နေသော ဆင်းတုတော်အား သျှစ်သောင်းဘုရားသို့ပင့်ဆောင်ကာ ရခိုင်ပန်းရံ အကျော်မော်ဆရာကြီး ဦးကျော်အေးမှ ၁၉၉၂ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင် ၃၁ထိ ဆရာကြီးဦးဦးသာထွန်းလမ်းညွှန်မှုဖြင့် ရှေးမူမပျက် ပြန်လည်မွမ်းမံထားသော ဆင်းတုတော်ဖြစ်ပါသည်။
ဆင်းတုတော်၏လက်ရာမွန်
ဆင်းတုတော်၏ဦးခေါင်းတော်မှာ အနည်းငယ်ကြီးပြီး မကိုဋ်တော်ကိုလွန်စွာ လက်ရာမြောက်သော
ပန်းနွယ် ပန်းခက်များဖြင့် ပြုလုပ်ထားသည်။ မကိုဋ်၏အပေါ်ပိုင်းတွင် တမာရွက်ခေါ် ပန်းခက်(၆)ခုထက်မနည်းဖြင့်မကိုဋ် တော်နှစ်ထပ် ထုဆစ်ထားရှိသည်မှာ အနုစိတ်လှသည်။ ပန်းခက်တို့၏အောက်တွင် ပန်းနွယ်၊ ပန်းလိပ်များနှင့် ဗိန္ဓုမြောက်များ စီတန်းထားသည်ကို တွေ့ရသည်။ မကိုဋ်၏အပေါ်ဆုံး အလယ်ထိပ်တွင် ဆံကျစ်ကိုလက်ယာရစ်ခွေထားသည်။ နားရွက်တော်မှာ ပခုံးနှင့်မထိပေ။ နားပန်တော်နှစ်ခုမှာ ကွေးကောက်ပြီး နားရွက်မှကျနေသည်။ နားကင်းများကို ထင်ရှားစွာတွေ့ရသည်။ နဖူးတော်မှာ ကျယ်ပြန့်သည်။ မျက်လုံး၊ မျက်အိမ်၊ မျက်ရစ်၊မျက်လွှာတို့မှာ ကြည်ညို ဖွယ်ကောင်းလှသည်။ နှာခေါင်းတော်ဖြောင့်တန်းပြီး နှာတံပေါ်သည်။ မေတ္တာဓာတ်ပြည့်ဝသော ပါးစပ်တော်တွင် တည်ငြိမ်သောအပြုံးကို ဆောင်သည်။ မေးရိုးတော်အနည်းငယ် ကားသည်။
လည်ပင်းတော် မတိုမရှည်ဖြစ်ပြီး လည်ရစ်သုံးရစ်ကို ထင်ရှားစွာဖော်ထားသည်။ ရင်ဘတ်တော်မှာ
စလွယ်တော်ပါရှိပြီး စလွယ်(၃)ခုထက်မနည်းပေ။ စလွယ်တော် ကို ဘေးက ပါလီကွေးဖြင့် ထိန်းထားသည်။
(ဘုရင်မင်းမြတ်တို့သည် စလွယ်ကို ဝတ်ဆင်စဉ် ကိုယ်ကို ကိုင်းညွှတ်ခြင်း ပြုရာတွင် တွဲလောင်းမကျရအောင်ပါလီကွေးဖြင့် ထိန်းထားသဖြင့် စလွယ်တော်ဝတ်ဆင်ခြင်း ဟန်ပန်ကို လှပစေ သည်။ ) စလွယ်များ၏အနားကိုမုတ်ပုတီး (သို့မဟုတ်) ပုလဲလုံးများဖြင့် စီတန်းထားသည်ကို တွေ့ရ၏။ အချို့စလွယ် တွင် ပန်းများကိုမကုလပုပ္ဖ(ခေါ်) မြတ်လေးပန်းကိုသော်လည်းကောင်း၊ နာဂကေသရ (ခေါ်) ကံ့ကော်ပန်းကိုလည်း ကောင်း၊ထည့်သွင်းထုဆစ်ထားသည်မှာ အနုစိတ်လှပေသည်။ လက်မောင်းတော်တွင် မောင်းကွပ်ပါရှိပြီး ကံ့ကော် ပန်းများစီတန်းထားသည်။ လက်ကောက်တွင် ဗိန္ဓုပြောက်များ (သို့မဟုတ်) ပုလဲလုံးများဖြင့် စီထားသည်။ ညာဘက်လက်မှာ ပထဝီမြေကြီး (ပလ္လင်တော်)ကို မထိပေ။ ပဇက်မုဒြာ ခေါ် လူနတ်ဗြဟ္မာတို့၏ အဖူးအမြော်အပူအဇော်ကိုခံယူတော်မူဟန်ဖြစ်သည်။ ညာဘက်လက်ချောင်းများအားလုံးသည် ညို့သကျည်းကို ထိနေသည်။
ဘယ်ဘက်လက်ကို ရင်ခွင်ဝယ် ပက်လက်တင်ထားသည်။ ခြေထပ်ပလ္လင်ခွေ စံပယ်တော်မူဟန်ဖြစ်သည်။ ခါးတော်နှင့် ညို့သကျည်းအဖျားတွင် သင်းပိုင်ဝတ်ထားသည့် ဟန်အရစ်များ ဖော်ထားသည်။ ဥာဏ်တော် အတိုင်းအတာမှာ
(၁)အမြင့် (မကိုဋ်အပါ အဝင်) ၄-ပေ ၅လက်မ၊ (၂) မကိုဋ်အမြင့် ၁-ပေ၊ (၃) ခါးတော်ပတ်လည် ၃ပေ ၄လက်မ၊(၄)လက်မောင်းတော်လုံး ပတ် ၂-ပေ ၆ လက်မ၊ (၅) ဒူးစွန်းနှစ်ဖက်အကျယ် ၃ပေ ၃လက်မတို့ဖြစ်ပါသည်။
ခေတ်ကာလကို ခန့်မှန်းခြင်း
ဤဆင်းတုတော်ကို မည်သည့်ခုနှစ်တွင် မည်သူ၊ ကောင်းမှုပြုခဲ့သည်ဟု ပြောရန်မလွယ်ကူပေ၊ သို့သော်
အခြားသော ဆင်းတုတော်များ၏လက်ရာနှင့် ဆက်စပ်ပြီး သုတေသနလုပ်ခြင်းဖြင့် ခေတ်ကာလအပိုင်းအခြားကိုခန့်မှန်းနိုင်ပေသည်။
ဝေသာလီနန်းမြို့၏ မြောက်ဘက်အနီးတွင် ဝေသာလီဘုရားကြီးရှိပြီး ဝေသာလီမြို့ကိုစတင်တည်ထောင် ခဲ့သော မဟာမုနိ သူရိယတဉ္စန္ဒရား၏ ကောင်းမှုတော်ဖြစ်သည်။ ယင်းဝေသာလီဘုရားကြီးမှာယခု သျှစ်သောင်းဘုရား သိမ်တော်အတွင်းရှိသော မင်းဝတ်တန်ဆာနှင့် မကိုဋ်တော်ဆောင်းထားသည့်ဆင်းတုတော်နှင့် နဖူးတော်၊ မျက်ရစ်၊ နှာတံ၊ နှုတ်ခမ်း၊ မေးတော်တို့မှာ နီးစပ်မှုရှိခြင်း။
မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၅-ရာစုခေတ် ကျောက်ဆစ်ဗုဒ္ဓဦးခေါင်းတော်ကြီး (ဝေသာလီနန်းမြို့၏ အနောက်ဘက် ပီပင်ရင်းမှရသည်။ )တွင်ပါရှိသော မျက်လွှာချထားဟန်၊နှာတံပေါ်ဟန်၊ မေးရိုး တော်ဟန်၊ နဖူးကျယ်ပြန့်ဟန်တို့မှာ ယခု သျှစ်သောင်းသိမ်တော်ရောက် မင်းဝတ်တန်ဆာနှင့်မကိုဋ်ဆောင်း ဆင်းတု တော်နှင့် ထပ်တူထပ်မျှဖြစ်နေခြင်း။
ရခိုင်မဂ္ဂဇင်းအမှတ်(၁၃)တွင် ရခိုင်မဂ္ဂဇင်းကော်မတီမှတင်ပြထားသည့် ဆင်းတုတော်ပုံနှင့်တကွ
အောက်ပါကဗျာတို့ဖြင့် ဖော်ကျူးထားသည်မှာ-
"မင်းဝတ်တန်ဆာ စုံလင်စွာနှင့်
လက်ရာမြောက်ဘိ ဝေသာလီမှ
သီရိစက္ကဆင်းတုတော်"ဟူ၍ ဝေသာလီခေတ်တွင် ထုဆစ်ခဲ့သည့် လက်ရာမွန်ဖြစ်ကြောင်း
ဆရာကြီးဦးဦးသာထွန်းနှင့် အခြားဝါရင့်သုတေသီများကလည်း ဝေသာလီခေတ်လက်ရာဖြစ်သည်ဟု
အဆုံးအဖြတ်ပေးခဲ့ပေသည်။
**မောင်ဒေ၀ (မြောက်ဦး)
ကျိန်းရိပ်မြေ လက်ရွေးစင်ဆောင်းပါးပေါင်းချုပ်မှ ကူးယူဖော်ပြပါသည်။
မင်းဝတ်ဘုရားဆင်းတုတော်ကိုးကွယ်ခြင်းသည်
ဓမ္မဝိနယနှင့် ညီ/မညီ
မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည် မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်းဆိုသည်ကိုဖော်ပြရာတွင်
မုံရွေး ဇေတဝန်ဆရာတော်ကြီးထံ မုံရွာသီရိမာလာ မေးလျှာက်၍
ပြန်လည် ဖြေကြားထားသော သမန္တစက္ခု ဒီပနီ ကျမ်း
စာ- ၃၃၁ l ၁၀၀ - ပုစ္ဆာ ၏ ၁၀၀- ဝိသဇ္ဇနာ တွင်
အောက်ပါအတိုင်း ထင်ရှားစွါ ပါလေသည်။
ဘုရားရုပ်တုတော်ကို တန်ဆာဆောင်း နရတင်းဆင်၍
ပြုလုပ်ကိုးကွယ်သည့်အရာများ ကျမ်းဂန်လာသည်
မလာသည်ကို သိမှတ်လိုပါသည်ဟု ဟူရာ၌
တိပိဋက >>> သုတ္တန်ပိဋက နိကယ်ငါးရပ်>>> ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ် >>> ပါဠိတော်
အဘိဇာနာမိ ခေါ ပနာဟံ၊ အာနန္ဒ (ဒီ၊၂၊၉၂၊ အနေကသတံ ခတ္တိယပရိသံ ဥပသင်္ကမိတာ။ တတြပိ မယာ သန္နိသိန္နပုဗ္ဗံ စေဝ သလ္လပိတပုဗ္ဗဉ္စ သာကစ္ဆာ စ သမာပဇ္ဇိတပုဗ္ဗာ။ တတ္ထ ယာဒိသကော တေသံ ဝဏ္ဏော ဟောတိ၊ တာဒိသကော မယှံ ဝဏ္ဏော ဟောတိ။ ယာဒိသကော တေသံ သရော ဟောတိ၊ တာဒိသကော မယှံ သရော ဟောတိ။ ဓမ္မိယာ ကထာယ သန္ဒေဿမိ သမာဒပေမိ သမုတ္တေဇေမိ သမ္ပဟံသေမိ။ ဘာသမာနဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ ဘာသတိ ဒေဝေါ ဝါ မနုေဿာ ဝါ'တိ? ဓမ္မိယာ ကထာယ သန္ဒေဿတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ အန္တရဓာယာမိ။ အန္တရဟိတဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ အန္တရဟိတော ဒေဝေါ ဝါ မနုေဿာ ဝါ'တိ?
တိပိဋက >>> သုတ္တန်ပိဋက နိကယ်ငါးရပ်>>> ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ် >>> မြန်မာပြန်
" အာနန္ဒာ ငါသည် အရာမကသော မင်းပရိသတ် (စည်းဝေးပွဲများ) သို့ တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။ ထို (မင်းပရိသတ်များ) ၌ ငါသည် အတူတကွလည်း ထိုင်နေခဲ့ဖူး၏၊ အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊ အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။ ထို (မင်းပရိသတ်များ) ၌ ထိုမင်းတို့၏ အဆင်းကဲ့သို့ပင်ငါ၏ အဆင်းသည်လည်း ဖြစ်၏၊ ထိုမင်းတို့၏ အသံကဲ့သို့ပင် ငါ၏ အသံသည်လည်း ဖြစ်၏၊ (ငါသည်ထိုမင်းတို့ကို) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ (ဤသို့) ဟောပြောနေစဉ်၌လည်း ”ဟောပြောနေသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ (ငါသည်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ (ဤသို့) ကွယ်ခဲ့သောအခါ၌လည်း ”ကွယ်သွားသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။
ဤသို့ စသည်ဖြင့်လာသော တိပိဋက ဆဋ္ဌမူ
ပါဠိတော်နှင့် မြန်မာပြန်စကားရပ်တွင်စင်စစ်အားဖြင့်ကား
ဘုရားသခင်၌ တန်ဆာဆင်ယင်ခြင်းလည်းမရှိ။လည်ရွဲ ဘယက်l
လက်ကောက် လက်ကြပ် lလက်စွပ် ခြေနင်း l နရတင်းဦးစိုက် l
မကိုဋ်စိန်ထောင် ဆင်ယင်ခြင်းလည်း မရှိပါ။ထိုသို့ မရှိသော်လည်း
အဝေးစကြာဝဠာသားတို့ကသာ ငါတို့မင်းသည်အခါတပါးဤကဲ့သို့
စကားကို မပြောစဖူး။ ယနေ့ကား အံ့ဖွယ်ရှိသော တရားစကားကို
ပြောဟောပေသည်ဟူ၍ ထင်ကြကုန်သည်။
ဤသို့ မင်းဟူ၍ မှတ်ထင်လေသော အခိုက်အတန့် ကာလကိုရည်၍
မင်းသဏ္ဍာန် မင်းဝတ်တန်ဆာဖြင့် တကွ အစဉ်အဆက်
ပူဇော် ထုဆစ် ကိုးကွယ်ကြလေသည်သာ ဖြစ်၏ဟု
ဆရာအစဉ်အဆက်စကားရှိပြီး ပိဋကတ်အကိုးအကားလည်း
ခိုင်မာသောကြောင့် မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်ကိုးကွယ်ခြင်းသည် ဓမ္မဝိနယ နှင့်အညီဆိုသည်မှာထင်ရှားပေပြီ ။
Pyay Htoo San
Comments
Post a Comment