စစ်ရာဇဝဋ် ကျူးလွန်
ဘာကြောင့် တပ်မတော်က စစ်ပြေး ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်နေတာလဲ
January 03, 2017/KNG
အစိုးရတပ်မတော်က ဝိုင်းမော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် နှင့် တပ်ရင်း ၃ အမာခံ စခန်းတွေကို လွန်ခဲ့တဲ့ ၂ ပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် နယ်စပ် စစ်ပြေး ဒုက္ခသည် စခန်းရှိရာကို လက်နက်ကြီး ပစ်ခတ်မှု ဆက်လက် ပြုလုပ်နေတာကြောင့် စိုးရိမ်နေရကြောင်း စစ်ဘေး ပြည်သူများ ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို တပ်မတော်က သိမ်းပိုက်ပြီး အဲဒီည ၇ နာရီခန့် Zai Awng (ဇိုင်းအောင်) စစ်ပြေးဒုက္ခသည်စခန်းကို လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ရာမှ စစ်ရှောင်များ နယ်စပ် Dabak Hka (ဒဘတ်ချောင်း) တစ်လျှောက် မှာ ထွက်ပြေး နေရခြင်း ဖြစ်သည်။
ထိုသို့ ရက်ပိုင်းအတွင်းမှာဘဲ ထွက်ပြေးသွားသူများမှ အချို့ ပြန်လာနေစဉ် ဒီဇင်ဘာ ၃၁ ရက် စနေနေ့မှာ တဖန် စစ်ရှောင်များ၏ ရေခပ်သည့် နေရာ အနီး ဝန်းကျင်ကို တပ်မတော်၏ လက်နက်ကြီး ကျည် အနည်းဆုံး ၃ လုံး ကျရောက်ခဲ့ ပြန်တာကြောင့် ထပ်မံ ထွက်ပြေးခဲ့ရသည်ဟု စစ်ပြေး ပြည်သူများ ပြောသည်။
ယနေ့ထိလည်း တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှု ပုံမှန် ဆက်လုပ်နေပြီး ယမန်နေ့ ညနေပိုင်း ၅ နာရီခန့် မှာတော့ ဂျက်တိုက် လေယာဉ်များ စစ်ပြေး ဒုက္ခသည် စခန်းအနီးမှ ပျံသန်းပြီး ပစ်ခတ်ခဲ့သည်ဟု စစ်ရှောင်များ ပြောသည်။
ဘာကြောင့် တပ်မတော်က သူတို့လိုချင်တဲ့ စခန်းတွေကို ရပြီးသော်လည်း ပြည်သူတွေရှိရာဘက် လက်နက်ကြီး ပစ်ခတ်နေလဲဆိုတာကို နားမလည်နိုင်ကြောင်း ဇိုင်းအောင် စစ်ရှောင်စခန်းမှ တန်ဘောင် ရွယ်ဆိုင်း က ဆိုသည်။
“Gidon (ဂီးဒွန်) နှင့် Laihpawng (လိုင်ဖောင်) စခန်းတွေကိုလည်း သူတို့ (အစိုးရတပ်) သိမ်းပိုက်နိုင်ခဲ့ပြီပဲ။ အဲဒါနဲ့ ဘာလို့ ကျမတို့ စစ်ပြေး ဒုက္ခသည်တွေ ရှိတဲ့ စခန်းတွေကိုပဲ လက်နက်ကြီးတွေ ပစ်ခတ်နေတာလဲ။ နဂိုကတည်းက စစ်ရှောင်ဘဝမှာနေရလို့ စိတ်ဝေဒနာခံနေရသူတွေအခုဆို ဒုက္ခပိုခံစားနေရတယ်။ အသက်ကြီး ရွယ်အိုတချို့ဆိုလည်း မျက်ရည်တွေပဲ ဝမ်းနည်း ပူဆွေး နေကြတယ်”
ဒီဇင်ဘာ ခရစ္စမတ်ကာလ မိုးမရွာပေမယ့် ဝိုင်းမော် တရုတ်နယ်စပ် ဇိုင်းအောင် စစ်ရှောင်စခန်းမှာတော့ ည မနက် မြူမှုန်တွေက မိုးရွာသဖွယ် ကျဆင်းသည့် အချိန်လည်း ဖြစ်သည်။
စစ်ရှောင်ဘဝမှ ထပ်ဆင့် စစ်ရှောင် ဖြစ်နေရသည့် ဒုက္ခသည် ၂၀၀၀ ကျော် အဖို့ နယ်စပ်မကျော်ဖို့ တရုတ်စစ်သားများ ပိတ်ပင် နေပေမယ့် အဆိုးဆုံး အခြအနေအတွက် နယ်စပ် ချောင်းလေးမှာတင် အဆင်သင့် နေရာချ ခိုလှုံနေရသည်။
သန်စွမ်းသူအချို့ နဂို သူတို့ စခန်းကို ပြန်လာနေကြပေမယ့် ကိုယ်ဝန်ဆောင် ၊ကလေးမိခင်များ နှင့် သက်ကြီးရွယ်အိုများ ကတော့ လုံခြုံသည့် နေရာမှာသာ ခိုလှုံနေကြသည်။
လက်ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းအတွက် လုံခြုံသည့် နေစရာ၊ စားစရာ နှင့် တခြား အကူအညီ များတို့သည် အလိုအပ်ဆုံး ဖြစ်နေပါသည်။
စစ်ပြေး ဒုက္ခသည်များကို တရုတ်အစိုးရမှ ကူညီပေးရန် နှင့် တရုတ်ပြည်ဘက်ခြမ်း ခိုလှုံခွင့်ပေးရန် ကချင်အမျိုးသား အစည်းအရုံးက KNO က ပီကင်း တရုတ်အရာရှိများကို အကူအညီတောင်းခံ ထားကြောင်း KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ် လရော်က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြောပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်လုံ နှင့် ကောင်းလိမ် စသည့် ရွာများကိုလည်း အစိုးရတပ်မတော်က အတင်းခြိမ်းခြောက် မောင်းထုတ်တာကြောင့် ရွာသားများ စစ်ရှောင်အဖြစ် ဒီဇင်ဘာ လလယ်ခန့်မှ ကွတ်ခိုင်မြိုကို ထွက်ပြေးလာကြပြီ ဖြစ်ပါသည်။
https://m.facebook.com/story.php?story_fbid=926218147477929&substory_index=0&id=444548002311615
Comments
Post a Comment