သိမ်းဆည်းခံလယ်မြေများအား ပြန်လည်ရရှိရေး စစ်တွေမြို့တွင် ဆန္ဒပြတောင်းဆို

သိမ်းဆည်းခံလယ်မြေများအား ပြန်လည်ရရှိရေး စစ်တွေမြို့နယ် ကျေးရွာ ၆ ရွာမှ လယ်သမားများ ၁၀၀ ခန့်  တောင်းဆိုဆန္ဒပြ

နောင်ခိုင်အောင်
စစ်တွေ၊ ဒီဇင်ဘာ ၂၇

စစ်တွေမြို့နယ် ကျေးရွာ ၆ ရွာမှ လယ်သမား ၁၀၀ ခန့်သည် ဒီဇင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် လယ်သမားများမှာ  စစ်တွေမြို့နယ်ရှိ ဆတ်ရိုးကျကျေးရွာ၊ ချောင်းနွယ် ကျေးရွာ၊ ပါဒလိပ်ကျေးရွာ၊ မင်းဒြားချိတ်ကျွေး၊ မင်းဂံကျေးရွာ၊ ကံတော်ကြီး ကျေးရွာတို့ မှ ဖြစ်ကြသည်။

“ ကျွန်တော်တို့ လယ်တွေကို သိမ်းဆည်းပြီး သူတို့က ဘာစီမံကိန်းမှ မလုပ်ဘဲ ငှားရမ်းပြီး လုပ်စားနေကြတဲ့ အတွက် ဖြစ်ပါတယ်။ ပညာရေး ၁၀ ကဆိုရင် လယ်မြေဧက ၉၀ ခန့်ကို သိမ်းထားပြီး လယ်ဧက ၂၀ ကို အသုံးပြုပါတယ်။ ကျန်တဲ့ မြေတွေကို စားကျက်မြေလုပ်ပြီး ငှားရမ်း စားနေကြပါတယ်။ ဒါကြောင့် ကိုယ့်လယ်မြေကို ကိုယ်ပြန်ရဖို့ ဆန္ဒ ဖော်ထုတ် တောင်းဆိုရတာ ပါ” ဟု ပါဒလိပ်ကျေးရွာမှ လယ်သမား တစ်ဦး ဖြစ်သူ ဦးသိန်းအေးက ပြောသည်။

ဆန္ဒပြလယ်သမား ၁၀၀ခန့် သည်  ဆတ်ရိုးကျလမ်းခွဆုံမှ မြို့နယ်စုပေါင်းရုံးရှေ့အထိ ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး ကြွေးကြော်သံ လေးချက်ကို ကြွေးကြော်ခဲ့ကြသည်။

“ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး- ဒို့အရေး၊ လယ်မြေပေါ်ကျူးကျော် အဆောက်အဦးများ ဖယ်ရှာပေးရေး- ဒို့အရေး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနုတ်ထွက်ပေးရေး- ဒို့အရေး၊ လွှတ်တော်လယ်မြေစိစစ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး- ဒို့အရေး စတဲ့ အချက် လေးချက်ကို  ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြတာပါ” ဟု ဦးသိန်းအေးက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည် လွှတ်တော် ဥက္ကဋ္ဌအား အဘယ်အတွက်ကြောင့်နုတ်ထွက်ပေးရန် တောင်းဆို ရပါသလဲဟု မေးမြန်းရာ ဦးအေးသိန်းက ယခင်အစိုးရလက်ထက်က စီမံကိန်းမြေများကို ခွဲဝေ ရယူရာတွင် ပါဝင်နေ၍ ဖြစ်ကြောင်း ပြန်လည် ဖြေကြား ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အား ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အား ဆက်သွယ်မေးမြန်းရာ သူက “ ဒီလယ်မြေတွေကို စုံစမ်း စစ်ဆေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကနေ ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲသလို စုံစမ်း စစ်ဆေးနေတဲ့ ကာလအတွင်း တစ်ဖက်မှာလည်း အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့  ပြင်ဆင်နေချိန် ဖြစ်ပါတယ်။ ဒီလယ်မြေတွေဟာ အခုလက်ရှိ  ယခင်အစိုးရ လက်ထက်မှာ ခွဲဝေပေးထားခဲ့တဲ့ လယ်မြေတွေ မဟုတ်ဘဲ ယခင် အစိုးရ လက်ထက်မှာ ခွဲဝေပေးထားခဲ့တာ ဖြစ်ပါတယ်။ ယခင် ရခိုင် ၀န်ကြီးချုပ်တွေကအစ ၀န်ကြီးတွေ၊ အစိုးရ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ စာရေး စာချီတွေက အစပါဝင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကိုလည်း ခွဲဝေ ပေးထားခဲ့တဲ့ စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာမှ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းကိုဘဲ ဦးတည်ပြီး နှုတ်ထွက်ဖို့ တောင်းဆိုထားတာကို တွေ့ရတဲ့ အတွက် ဒီတောင်းဆိုမှုရဲ့ နောက်ကွယ်မှာ  နိုင်ငံရေး သိက္ခာကျအောင် ထိုးနှက် တိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ သုံးသပ်လို့ ရပါတယ်” ဟု ပြောဆိုသည်။

စစ်တွေမြို့ အာရက္ခ ဖောင်ဒေးရှင်းမှာ ဦးဇင်း အာလောကမှ စစ်တွေ စက်မှုဇုန် ဆောက်ရန် သိမ်းဆည်းမြေ ဧကမှာ  ၄၈၅ ဧက ခန့်ရှိပြီး ယင်းလယ်မြေများကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်မှ အစိုး ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ အသီးသီး ခွဲဝေ ယူထားကြသည်ဟု ပြောဆိုသည်။

Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ