ရခိုင်ပြည် ရှိကျွန်းများ
(၁) ရှင်မဖြူကျွန်း
ရှင်မဖြူကျွန်းသည် နတ်မြစ်ဝမှာရှိ၍ ၊ ကုလားလူမျိုးများစွာနေထိုင်ကြသည် ။၎င်းကျွန်းကို စစ်တကောင်း နယ်က အုပ်ချုပ်လေသည် ။ ထိုကျွန်းမှ ငါးခြောက် ၊ လိပ်ဥ ၊ ကြက်သွန်နှင့် အုန်းသီးများထွက်၏ ။
(၂) ဗရုံကာကျွန်းသုံးကျွန်း
ဗရုံကာကျွန်းသုံးကျွန်းသို့မဟုတ် ပိန္နဲချောင်းကျွန်း၊ အင်ဂရားချိုင်ကျွန်း ၊ မြေငူကျွန်းတို့သည် စစ်တွေမြို့ အနီး ကုလားတန်မြစ် လက်ဝဲဘက်မှာ ရှိကြသည် ။
(က) အင်ဂရားချိုင်ကျွန်း
ဤဗရုံကာကျွန်းအမည်ရသောကျွန်းတွင် ရှေးအခါက Ezekiel အီးဇီကတ် အင်္ဂလိပ်ကုမ္ပဏီကြီးသည် ရေနံတူးဖော်ခဲ့သော်လည်း မအောင်မြင်ခဲချေ ။ ၎င်းအရပ်တွင် ယခုတိုင် ရေနံအနည်းငယ် ထွက်နေသေး၏ ။ ၎င်းကျွန်းရှိ တန်းလွှဲချောင်းရွာတွင် အိုးခွက်လုပ်ငန်းကိုလုပ်ကိုင်ကြသည် ။
(ခ) ပိန္နဲချောင်းကျွန်း
ဤအလယ်ဗရုံကာကျွန်းတွင် ဆင်တက်မော်ရွာ၊ ငပြီတက်ရွာနှင့် ဖဒူရွာများရှိကြသည် ။ ၎င်းဖဒူရွာတွင် ငါးလုပ်ငန်းများကိုလုပ်ကိုင်ကြသည် ။
(ဂ) မြေငူကျွန်း
ဤအနောက်ဗရုံကာကျွန်းတွင် ပြိုင်တောင်ရွာ ၊ ဂြင်းချောင်းရွာနှင့် ထင်ရှားကျော်စောသော ဆံတော်ရှင် စေတီတော်တဆူရှိသည် ။ ၎င်းစေတီတော်သည် မြန်မာပြည်ရှိ ကျိုက်ထီးရိုးဘုရားကဲ့သို့ ရခိုင်တတိုင်းလုံးမှ လာရောက်၍ တနှစ်တခါဖူးမြော်ခြင်းဖြင့် ရခိုင်တိုင်းတွင်အထူးထင်ပေါ်ကျော်ကြားသော စေတီတော်တစ်ဆူ ဖြစ်လေသည် ။ ထိုကျွန်းမှ ဆန်စပါးနှင့် အုန်းသီးများစွာ ထွက်၏ ။ ၎င်းကျွန်းရှိလူတို့သည် တံငါအလုပ်ကို လုပ်ကိုင်ကြသည် ။
(၃) ကျွန်းရိုင်း သို့မဟုတ် ကျွန်းစဉ်
၎င်းကျွန်းသည် မြေပုံမြို့အနီးတွင်ရှိ၏ ။ ရခိုင်တိုင်းတွင် မှက်ခြင် အလွန်ပေါများသော အရပ်ဒေသများ ဖြစ်ကြသည် ။၎င်းအရပ်မှ ဓနိနှင့် ထင်းများစွာရရှသည် ။ ထင်းများကို စစ်တွေမြို့သို့ အကြီးအကျယ် တင်ပို့ ရောင်းချကြသည် ။
(၄) ကျွန်းသာယာ
ရခိုင်ပင်လယ်ကမ်းရိုးတန်းတွင် လှေစခန်းချရာကျွန်းတကျွန်းဖြစ်သည် ။ ၎င်းကျွန်းရှိလူများသည် တံငါ အလုပ်ကိုလုပ်ကိုင်ကြသည် ။ ပင်လယ်လေညှင်ခံရန် အလွန်သာယာသောကျွန်းငယ်ဖြစ်လေသည် ။ ၎င်းကျွန်း သည် ကျောက်ဖြူစီရင်စုတွင်ရှိသည် ။
(၅) ကွန်းချောင်းကျွန်း
မြေပုံမြို့တောင်ဘက်မှာရှိသည် ။ ၎င်းကျွန်းတွင် ကျွန်းသစ်နှင့်အခြားအသုံးဝင်သော သစ်ပင်ကြီးများ ပေါက်ရောက်သည် ။ ၎င်းသစ်တောသည် အမြဲစိမ်းလန်းသော သစ်တောဖြစ်၏ ။ ထိုကျွန်း၏ အနောက်ဖက်တွင် ငါးအကြီးကျယ်ရှာဖွေသော စခန်းတခုရှိလေသည် ။
(၆) ဂန့်ဂါကျွန်း
ကျွန်းစဉ်အနီးမှာရှိ၍ အစိုးရဆားချက်ရာဋ္ဌာနဖြစ်သည် ။
(၇) ရမ်းဗြဲကျွန်း
ကျောက်ဖြူခရိုင်တွင် ၊ ၎င်းကျွန်းမြောက်ဘက်တွင် ကျောက်ဖြူမြို့တည်ရှိသည် ။ တောင်ကုန်းများစွာ ထူထပ်သောကျွန်းတကျွန်းဖြစ်သည် ။ ၎င်းကျွန်းတွင် မီးတောင်တတောင်ရှိသည် ။ ရခိုင်တိုင်းတွင် အကြီးဆုံး သောကျွန်းဖြစ်၏ ။ ထိုကျွန်းမှ ဆန်စပါး ၊ ဆေး ၊ ငါးခြောက် ၊ ဆား ၊ အုန်းသီး ၊ သကာ ၊ ဓနိနှင့် ရေနံဆီ အနည်း ငယ် ထွက်သည် ။
(၈) မာန်အောင်ကျွန်း
မာန်အောင်ကျွန်းသို့မဟုတ် ချနူဗာကျွန်း ရမ်းဗြဲကျွန်းတောင်ဘက်မှာ ရှိသည် ။ ၎င်းကျွန်း၏မြောက်ဘက် ပိုင်းတွင် အရှေ့မှအနောက်သို့ မိုင်၂၀ ခန့်ရှိ၏ ။ မြောက်ဘက်မှတောင်ဘက်အဆုံးထိ ၁၀ မိုင်ခန့်ရှိ၍ ဧရိယာ စတုရန်းမိုင်ပေါင်း ၃၀၀ ခန့်ရှိသည် ။ ကျွန်း၏အနောက်ဘက်တွင် တောင်နီတောင် ရှိသည် ။ ၎င်းတောင်၌ အလွန် မွှေးကြိုင်သော မြက်ပင်တမျိုးပေါက်ရောက်လျှက်ရှိသည် ။ ထိုတောင်မှ တောင်ဘက်ကျသောအရပ်တွင် နဂါးတောင်ခေါ် ရွှံ့မီးတောင်တခုရှိ၏ ။ ထွက်ကုန်များမှာ ဆန်စပါး ၊ ဆေး ၊ မြေပဲ ၊ ကြက်သွန် ၊ အုန်းသီး ၊ သနပ်ဖက် နှင့် ဩဇာသီးများထွက်၏ ။
(၉) ရဲကျွန်း
မာန်အောင်ကျွန်း အရှေ့တောင်ဘက်မှာရှိသည် ။ ၎င်းကျွန်းရှိလူများသည် ဆန်စပါး ၊အုန်းသီး ၊ ကြက်သွန်များ စိုက်ပျိုးကြ၏ ။ တချို့ တံငါအလုပ်ကို လုပ်ကိုင်ကြ၏ ။ ၎င်းကျွန်း၌ ရဲရင့်သော အမျိုးကောင်းခွေး များစွာရှိ၏ ။
(၁၀) စကုကျွန်း
ရမ်းဗြဲကျွန်းအရှေ့တောင်ဘက်တွင် ရှိ၍ ၊ ဆားချက်ရာဋ္ဌာနဖြစ်၏ ။ ၎င်းကျွန်းရှိလူများသည် ၊ ဆန်စပါး စိုက်ပျိုးကြသည့်အပြင် ၊ ကျွဲ ၊နွား ၊ အကြီးအကျယ်မွေးမြူ၍ အသက်မွေးကြသည် ။
(၁၁) တိုက်ကျွန်း
မာန်အောင်ကျွန်းအရှေ့ဘက်မှာရှိသည် ။ ၎င်းကျွန်းမှ ဆေး ၊ ဆန်စပါးများ ထွက်၏ ။
Ref : ရခိုင်တိုင်း ပထဝီအကျဉ်း
Comments
Post a Comment