``ဝ´´ တပ်ဖွဲ့ ဥက္ကဌ ပေါက်ယိုချန်းနှင့် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ တို့ တွေ့ဆုံးဆွေးနွေး
UWSA “၀” အဖွဲ့ခေါင်းဆောင် ပေါက်ယိုချမ်း ဦးဆောင်သည့် အဖွဲ့နှင့် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် UNFC အဖွဲ့ဝင်တို့သည် “၀”ကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံ ခဲ့ကြောင်း UWSA “၀” အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ နေရာတွင် ရှိနေသည့် ကေအိုင်အေ ကချင်လွတ်မြောက်ရေး အဖွဲ့မှာ “၀” တပ်ဖွဲ့နှင့် နီးစပ်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် ပူးပေါင်းကာ မူဆယ်ခရိုင်အတွင်း ကန့်သတ်စစ်ပွဲ ဆင်နွှဲခဲ့ပြီးသည့်နောက် “၀” တပ်ဖွဲ့ ခေါင်းဆောင်နှင့် UNFC ခေါင်းဆောင် တို့အကြား ဆွေးနွေးမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အစိုးရ ကိုယ်စား လှယ်များ ပန်ဆန်းလာလျှင်ပင် ထွက်တွေ့လေ့ သိပ်မရှိသူ ပေါက်ယိုချန်းမှာ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံခဲ့မှုမှာ ဆွေးနွေးပွဲ၏ အရေးပါမှုကို ပြသနေသည်ဟု အကဲခတ်အချို့က ဆိုသည်။
ထိုသို့ တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူများ က နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချူပ်(NCA) လက်မှတ်ရေးထိုးရေး ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်စုတစ်စည်းတည်း ရပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက “သူတို့အနေနဲ့ ဒီအဖွဲ့တွေ အကုန်လုံးက NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ကြီးပဲ UNFC ၇ ဖွဲ့ရော မြောက်ပိုင်းအဖွဲ့နဲ့ မဟာမိတ်မှာပါတဲ့ ၃ ဖွဲ့ရော “၀” ရော မိုင်းလားရောက NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေဖြစ်တော့ NCA ထိုးတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အခြေအနေမျိုးဖြစ်ဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် စုစုစည်းစည်း ရင်ဆိုင်ဖို့ ပြင်တယ်လို့ ထင်ပါတယ်။ အဲ့ဒီလို ကျွန်တော်ယူဆတယ်”ဟု ပြောသည်။
၁၉၈၉ ခုနှစ် ငြိမ်းချမ်းယူပြီးနောက်ပိုင်း အခြား လက်နက်ကိုင်များနှင့် တပ်ပေါင်းစု မဟာမိတ် ဆက်ဆံရေး နည်းခဲ့သည် UWSA သည် ပြီးခဲ့သော ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အမျိုးသား ထိပ်သီးညီလာခံ ၂ ခု ပန်ဆန်းတွင် လက်ခံကျင်းပခဲ့ဘူးပြီး ယခု NLD အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် UNFC နှင့် ပန်ဆန်းတွင် တွေ့ဆုံခြင်းဖြစ် သည်။ UNFC အနေဖြင့် “၀”ဒေသနှင့် မိုင်းလားတို့ကို တွေဆုံဆွေးနွေးရန် မူလအစက ကြေညာထားပြီး သွားရောက် ဆွေးနွေးရာမှ ရရှိလာသည့် အခြေအနေများ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် UNFC ညီလာခံတွင် ချပြဆွေးနွေးနိုင်ဖွယ် ရှိကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။
UWSA သည် မြောက်ပိုင်း တိုက်ပွဲများဖြစ်ပွားရာတွင် ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့ပြီး ထို ၄ ဖွဲ့နှင့် ဆွေးနွေးတွေ့ဆုံရန် တိုက်တွန်းခဲ့ပြီး ထို ၄ ဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ခြင်းများရှိသည်။
၂၁ ရာစု ပထမအကြိမ် ပင်လုံညီလာခံအပြီး NRPC နှင့် ငြိမ်း ချမ်းရေး ကော်မရှင်တို့ ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးများကို တက်ရောက်ခြင်း မရှိသည့် UWSA သည် ၂၀၁၆ ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော်တွင် ကျင်းပသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေကိစ္စ ဆွေးနွေးပွဲတွင် ပြန်လည် တက်ရောက်ခြင်းများ ရှိကြောင်း ဦးမောင်မောင်စိုးက ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် သုံးဖွဲ့ဖြစ်သည့် တအာင်းပလောင် ၊ အေအေနှင့် ကိုးကန့် MNDAA တို့မှာ “၀” နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် အဖွဲ့များဖြစ်ကာ အဆိုပါ အဖွဲ့များ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ပါဝင်ခွင့်ရရှိရန် UNFC နှင့် “၀” တပ်ဖွဲ့တို့က တောင်းဆိုမှုများ ရှိနေခဲ့သည်။
လတ်တလော အတွင်းမှာပင် ရန်ကုန်ရောက်နေသည့် UNFC တပ်ပေါင်းစု အဖွဲ့ဝင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က UNFC အနေဖြင့် ယခင်က ထားခဲ့သည့် မူဝါဒအတိုင်း ဆက်ရှိနေမည်ဖြစ်ကာ တစ်နိုင်ငံလုံး သေနတ်သံများ ချုပ်ငြိမ်းရေးနှင့် အားလုံးပါဝင်သည့် အပစ်ရပ်ရေးမူကို ဆက်လက်ကိုင်စွဲ နေဦးမည်ဖြစ် သည်ဟု The Ladies News သို့ ပြောသည်။
ပန်ဆန်းဆွေးနွေးမှုနှင့် ပတ်သက်၍ “၀” တပ်ဖွဲ့တာဝန်ရှိသူများနှင့် နိုင်ဟံသာ တို့ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
Photo – UWSA Page
The Ladies News
Comments
Post a Comment